အင်တာမီလန်နဲ့ စာချုပ်သက်တမ်းတိုးဖို့နီးစပ်နေတဲ့ ခရစ်ရှန်ချီဗူး
အီတလီထိပ်သီးကလပ် အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ ခရစ်ရှန်ချီဗူးဟာ အသင်းနဲ့အတူ ဆက်လက်လက်တွဲသွားဖို့အတွက် စာချုပ်သက်တမ်းတိုးမြှင့်တော့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံသား နည်းပြ ခရစ်ရှန်ချီဗူးဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုင်မွန်အင်ဇာဂီရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။
ဆိုင်မွန်အင်ဇာဂီဟာ ဟိုဆေးမော်ရင်ဟိုနောက်ပိုင်း အင်တာမီလန်ရဲ့ အကောင်းဆုံးနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သော်လည်း ချီဗူးဟာ ၎င်းရဲ့နေရာကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့တာပါ။
နည်းပြ ခရစ်ရှန်ချီဗူးဟာ ရှေ့ကနည်းပြချန်ထားခဲ့တဲ့ အောင်မြင်မှုလမ်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိမှာတော့ အင်တာမီလန်အသင်းကို အဓိကပြိုင်ဘက် အေစီမီလန်အသင်းရဲ့ အထက် စီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိအောင် ပို့ဆောင်ပေးထားတာ တွေ့ရပါတယ်။
အီတလီသတင်းတွေရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ ချီဗူးကို ၂၀၂၈ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့အတွက် အလိုရှိနေတယ်လို့ သိရပါတယ်။
အီတလီယာသတင်းဌာနကတစ်ဆင့် ဖော်ပြခဲ့တဲ့ အဆိုပါသတင်းတွေအရ အင်တာမီလန်အသင်းတာဝန်ရှိသူတွေဟာ အောင်မြင်မှုတွေ ဆက်တိုက်ဖော်ဆောင်ပေးနေတဲ့ ရိုမေးနီးယားနည်းပြကို ရေရှည်စီမံကိန်းတွေအတွက် စာချုပ်သစ်အမြန်ဆုံးချုပ်ဆို သွားဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။