နာပိုလီမှာဆက်ရှိနေမယ်လို့ အသိပေးလာတဲ့ ဒီဘရိုင်း
ကယ်ဗင်ဒီဘရိုင်းက လာမယ့်ရာသီမှာ နာပိုလီအသင်းမှာပဲ ဆက်လက်ရှိနေမယ့် သူ့ရဲ့အစီအစဉ်ကို ထပ်လောင်းအတည်ပြု ပြောကြားလိုက်ပါတယ်။
ခရစ္စမတ်မတိုင်ခင်က ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကနေ အခုအခါမှာတော့ အပြည့်အဝ ပြန်လည်သက်သာလာပြီဖြစ်လို့ ဒီဘရိုင်းဟာ အက်ဇူရီ (နာပိုလီ) တို့အတွက် ပြန်လည်ကစားပေးနေပြီ ဖြစ်ပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီဘရိုင်းက မာရာဒိုနာကွင်းမှာ ရှိနေရတဲ့ သူ့ရဲ့အခြေအနေအပေါ် စိတ်ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
"ကျွန်တော်က နာပိုလီနဲ့ စာချုပ်ရှိနေသူဖြစ်သလို ဒီကလပ်အသင်းမှာလည်း တကယ့်ကို အဆင်ပြေနေပါတယ်။ ရှေ့ဆက်ဘာလုပ်မလဲဆိုတဲ့ အဆင့်တွေကို ကျွန်တော် မစဉ်းစားသေးပါဘူး။ နာပိုလီအသင်းအပေါ်မှာပဲ အာရုံစိုက်ထားပြီး ဒီမှာရှိနေရတာကိုလည်း သဘောကျပါတယ်" လို့ ဒီဘရိုင်းက La Gazzetta dello Sport သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
နာပိုလီအသင်းဟာ ဒီဘရိုင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိပါတယ်။