ဘိုဒိုဂလင့်ရဲ့အမြန်နှုန်းကို အင်တာမီလန်တို့မယှဉ်နိုင်ခဲ့ဘူးလို့ ချီဗူးဝန်ခံ
ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုဒိုဂလင့်အသင်းရဲ့ တန်ပြန်တိုက်စစ် အရှိန်အဟုန်တွေကို အင်တာမီလန်အသင်းအနေနဲ့ မထိန်းချုပ်နိုင်ခဲ့ဘူးလို့ နည်းပြ ခရစ္စတီယန်ချီဗူးကဝန်ခံပြောကြားလိုက်ပါတယ်။ အင်တာမီလန်ဟာ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အင်တာမီလန်အတွက်တော့ ဖရန်ဆက်စကို ပီယို အက်စပိုစီတိုက ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ချီဗူးက"ဒီပွဲက မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ပထမပိုင်းကစားပုံက ဒါကို သက်သေပြနေတာပါ။ ကွင်းအခြေအနေတွေနဲ့ အသားကျဖို့ မလွယ်ခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းကတော့ မှန်ကန်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပွဲထဲပြန်ဝင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တန်ပြန်တိုက်စစ်က ဘောလုံးထိန်းချုပ်ပုံတွေက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့တယ်။ သူတို့က အဲဒီနေရာမှာ တကယ့်ကို တော်ကြပါတယ်။ ဒီပွဲကို အမြန်မေ့ပစ်ဖို့လည်း လိုအပ်ပါတယ်။ အခုကတော့ ပြည်တွင်းလိဂ်ပွဲစဉ်ရှိနေပြီး အဲဒါပြီးမှ ဒုတိယအကျော့ပွဲစဉ်အကြောင်း စဉ်းစားသွားမှာပါ။ အခြေအနေအားလုံးက အခွင့်အရေး ရှိနေဆဲပါပဲ" လို့ ဆိုပါတယ်။
ရိုမေးနီးယားလူမျိုးနည်းပြက ဆက်လက်ပြီး "သူတို့ရဲ့ တန်ပြန်တိုက်စစ် အားကောင်းပုံနဲ့ အရည်အသွေးတွေက ကျွန်တော်တို့ကို အထင်ကြီးစေပါတယ်။ ကျွန်တော်တို့ဘက်က နှေးကွေးနေပြီး အောက်ကိုပြန်ဆင်းတဲ့အချိန်မှာ အံ့အားသင့်ခဲ့ရတယ်။ တခြားအသင်းတွေက ဒီကွင်းနဲ့ အသားမကျကြဘူး၊ ဒါပေမဲ့ သူတို့ကတော့ ပြိုင်ဘက်တွေထက် ပိုကောင်းအောင် လုပ်နိုင်ကြပါတယ်။ အခုတော့ ဒဏ်ရာတွေကို ကုစားပြီး အမှားတွေကို ပြန်သုံးသပ်ကာ နောက်ထပ်အရေးကြီးတဲ့ ပွဲစဉ်အတွက် ပြင်ဆင်ရပါမယ်။ နောက်ထပ် တစ်ပွဲ ကျန်သေးတာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိသေးတယ်ဆိုတာ ကစားသမားတွေကို ပြောပြသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။