အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌနေရာအတွက် ရေပန်းစားလာတဲ့ မာလ်ဒီလီ
အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ရဲ့ ဥက္ကဋ္ဌနေရာအတွက် အေစီမီလန်ဂန္ထဝင်ကစားသမားကြီး ပါအိုလိုမာလ်ဒီနီကို အစိုးရကပါ ထောက်ခံမှုတွေ ပေးနေတယ်လို့ သိရပါတယ်။
အေစီမီလန်ရဲ့ ဂန္ထဝင်ဖြစ်တဲ့ မာလ်ဒီနီဟာ အခုဆိုရင် အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်ဖြစ်လာဖို့ အလားအလာအရှိဆုံးသူတစ်ယောက်အဖြစ် ပေါ်ထွက်လာနေတာပါ။
အီတလီအသင်းအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သုံးကြိမ်ဆက်တိုက်အထိ လွဲချော်ခဲ့ရပြီးနောက်မှာ လက်ရှိဥက္ကဋ္ဌ ဂါဘရီရယ်လ် ဂရာဗီနာက ရာထူးကနေ နှုတ်ထွက်တော့မယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့အပတ်ကပဲ အတည်ပြုကြေညာခဲ့ပါတယ်။ ဥက္ကဋ္ဌအသစ်ကိုတော့ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ရွေးချယ်သွားမှာဖြစ်ပြီး အေစီမီလန်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ မာလ်ဒီနီကပဲ အဲဒီတာဝန်ကို ရရှိသွားနိုင်ခြေရှိနေတာပါ။
La Stampa သတင်းစာရဲ့ ဖော်ပြချက်အရ မာလ်ဒီနီဟာ ဥက္ကဋ္ဌဖြစ်လာဖို့ ရေပန်းအစားဆုံးသူ ဖြစ်နေသလို အီတလီအားကစားဝန်ကြီး အန်ဒရီယာ အာဘိုဒီကလည်း သူ့ကို ဒီရာထူးပေးဖို့အတွက် အစွမ်းကုန်တွန်းအားပေးနေပါတယ်။
မာလ်ဒီနီအနေနဲ့ ဒီရွေးကောက်ပွဲထဲကို တကယ်ဝင်လာဖို့ စိတ်ပါဝင်စားအောင် စည်းရုံးနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကိုတော့ ဥက္ကဋ္ဌရွေးချယ်ပွဲမတိုင်ခင် ရက်ပေါင်း ၄၀ အလိုမှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။