The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲမှာ ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်က အတော်လေးနိမ့်ကျခဲ့တယ်လို့ ရိုဆင်နီယာ ဝန်ခံ

စနေနေ့ညက အဲဗာတန်အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ လီယမ် ရိုဆင်နီယာက သူ့အနေနဲ့ အကြီးအကျယ် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းအတွက် ဂိုးတွေကိုတော့ ဘက်တိုက ၂ ဂိုးနဲ့ အီလီမန် အန်ဒီယေးက ၁ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ အရင်က ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဂိုးတွေ အလွယ်တကူ မပေးရဖို့၊ ပွဲထဲမှာ အမြဲရှိနေစေဖို့နဲ့ ပွဲကို ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ အချက်တွေက ဒီနေ့ပွဲမှာ ပျောက်ဆုံးနေခဲ့ပါတယ်" လို့ ရိုဆင်နီယာက ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။ "ရလဒ်ရော စွမ်းဆောင်ရည်ပါ ကျွန်တော်တို့ မျှော်လင့်ထားတာ ဒါမှမဟုတ် လိုချင်ခဲ့တာတွေနဲ့ အတော်လေးကို ကွာခြားသွားခဲ့တဲ့ ခက်ခဲတဲ့ ညတစ်ည ဖြစ်ခဲ့ရပါတယ်။"

"ဒါပေမဲ့ ဘာမှမဟုတ်တဲ့ အနေအထားကနေ သူတို့ ဂိုးရသွားတယ်။ ဒါက ပထမဆုံးအကြိမ် ဖြစ်တာတော့ မဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားတို့က ရလဒ်တွေ ဆိုးရွားနေတဲ့ အချိန်မျိုးမှာ တဖက်အသင်းက အရင်ဂိုးသွင်းသွားမယ်ဆိုရင် အင်အားနဲ့ ယုံကြည်မှုတွေ ကျဆင်းသွားတတ်ပါတယ်။ အခုလည်း အဲဒီအတိုင်း ဖြစ်သွားတာပါ။"

"ကျွန်တော်တို့ ၁ ဂိုးပေးထားရချိန်မှာ ပစ်ဖို့ဒ်က ကမ္ဘာ့အဆင့် ကာကွယ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပွဲကို ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အမှားတစ်ခု လုပ်မိလိုက်ရာကနေ သူတို့က ၂ ဂိုး - ဂိုးမရှိ ဖြစ်သွားခဲ့ပါတယ်။ အဲဒါက သူတို့ကို ပိုပြီး အားတက်သွားစေခဲ့တယ်။ ဒါဟာ ပွဲရဲ့ စီးဆင်းမှုနဲ့ အရှိန်အဟုန်အပေါ်မှာ မူတည်တာပါ၊ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဘက်မှာ အဲဒါတွေ မရှိခဲ့ဘူး" လို့ ၎င်းက ဆိုပါတယ်။

ယခုရှုံးပွဲဟာ ချဲလ်ဆီးအတွက် ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုဖြစ်ပြီး ရိုဆင်နီယာက "အသင်းမှာ ကြိုးစားအားထုတ်မှုတွေ၊ ယုံကြည်မှုတွေနဲ့ ပြတ်သားမှုတွေ အားနည်းနေတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ အခုလို ရှုံးပွဲတွေ ဆက်နေပြီး စွမ်းဆောင်ရည်တွေ ကျနေတဲ့အချိန်မှာ အဲဒီလို ဝေဖန်မှုတွေ ရှိလာနိုင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အဲဒါက အဓိက ပြဿနာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။