The network connection is lost.

Banner Image

ရိုဒရီပြန်လာနိုင်ဖို့နီးစပ်မှုနဲ့အတူ ဆုဖလားတွေအတွက် တွန်းအားပေးဖို့ ပက်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်း အဆင်သင့်ဖြစ်နေ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေအတွက် တွန်းအားပေးနိုင်ဖို့ အဓိကကစားသမားအချို့ကို ဒဏ်ရာအခြေအနေမှ အမြန်ဆုံးပြန်လာနိုင်ရေး မျှော်လင့်နေပါတယ်။
မန်စီးတီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဂွါဒီယိုလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှိနေချင်ပေမယ့် ဦးဆောင်သူအာဆင်နယ်နဲ့ အနီးကပ်ဆုံးနေရာမှာရှိနေလို့ ကျေနပ်မိတယ်လို့ ပြောပါတယ်။
ဒီည၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ဆင်နွှဲရမယ့် မန်စီးတီးက အင်္ဂလန်ထိပ်တန်းလိဂ်မှာ အာဆင်နယ်နဲ့ နှစ်မှတ်ကွာဟနေပါတယ်။
ချန်ပီယံလိဂ်မှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းက အာဆင်နယ်နဲ့ ငါးမှတ်ကွာဟနေပြီး ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ရေးအတွက် လမ်းကြောင်းမှန်ပေါ် ရှိနေပါတယ်။
သောကြာနေ့မှာထုတ်လွှင့်လာတဲ့ အင်တာဗျူးအစီအစဉ်တစ်ခုအတွင်း ပက်ဂွါဒီယိုလာက “ အားလုံးထက် ၁၀ မှတ်လောက်အသာစီးရရှိနေတာမျိုးကို ကြိုက်ပါတယ်။ ဒါပေမဲ့ အရှိတရားက အရှိတရားပါပဲ။ အာဆင်နယ်က အရမ်းကောင်းနေသလို သူတို့နဲ့အနီးဆုံးနေရာမှာ ကျွန်တော်တို့ ရှိနေပါတယ်။ အခုမှ ဒီဇင်ဘာလကုန်ပိုင်းပဲ ရှိပါသေးတယ်။
ချန်ပီယံလိဂ်မှာ ကျွန်တော်တို့တွေ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း အလားတူပါပဲ။ ကာရာဘောင်မှာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းထားသလို အက်ဖ်အေဖလားပြိုင်ပွဲခရီးစဉ်လည်း စတင်ပါတော့မယ်။ 
အဓိကကစားသမားအချို့လည်း ပြန်လာနေပါပြီ။ ဒါကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ တစ်ဆင့်ချင်း၊ တစ်ပွဲချင်း စောင့်ကြည့်သွားကြပါစို့”လို့ ပြောပါတယ်။
တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလဆန်းပိုင်းကတည်းက မန်စီးတီးအတွက် မကစားပေးနိုင်တဲ့ ကွင်းလယ်လူရိုဒရီလည်း ဖောရက်စ်နဲ့ခရီးစဉ်အတွက် အဆင်သင့်ဖြစ်နေနိုင်တယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးနည်းပြက “ ရိုဒရီရဲ့အခြေအနေ အများကြီးပိုကောင်းလာပါတယ်။ ပွဲကစားဖို့ အဆင်သင့်ဖြစ်၊မဖြစ်ဆိုတာ ဒီနေ့ပဲ ကျွန်တော်တို့ ဆုံးဖြတ်သွားပါမယ်။
ဒိုကူနဲ့ ဂျွန်စတုန်းစ်တို့တော့ မကစားနိုင်သေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာ သူတို့တွေ ပြန်လာကြပါလိမ့်မယ်” လို့ ပြောပါတယ်။