ချာကီရဲ့ခြေစွမ်းအပေါ် ကျေနပ်အားရမိကြောင်းပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြချုပ် ပက်ဂွာဒီယိုလာဟာ ဒီရာသီမှာ ရိုင်ယန်ချာကီရဲ့ အသင်းအပေါ် စွမ်းဆောင်ပေးနိုင်မှုတွေနဲ့ပတ်သက်ပြီး အလွန်ပဲ သဘောကျနေပါတယ်။ ချာကီဟာ ပြီးခဲ့တဲ့နွေရာသီကမှ အိုလံပစ်လိုင်ယွန်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ ဂွာဒီယိုလာရဲ့ ပွဲထွက်လူစာရင်းမှာ အမြန်ဆုံး နေရာအမြဲရရှိနေသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ကတ်တလန်လူမျိုးနည်းပြကြီးက ပြီးခဲ့တဲ့အပတ်အတွင်းမှာ ချာကီနဲ့ပတ်သက်ပြီး "သူ့ရဲ့ ခြေစွမ်းပြနိုင်မှု ကိန်းဂဏန်းတွေနဲ့ အသင်းအပေါ် အကျိုးပြုနိုင်စွမ်းတွေက တကယ့်ကို ကြီးမားပါတယ်" လို့ ဆိုပါတယ်။
"သူ အသင်းအတွက် ပေးဆပ်နေတာတွေနဲ့ အမြဲတမ်း ကြိုးစားနေတာကို မြင်ရတဲ့အတွက် ကျွန်တော် တကယ်ပဲ ကျေနပ်မိပါတယ်။ အသင်းအတွက် ပိုကောင်းအောင် သူ့ရဲ့ကစားဟန်မှာ တချို့အချက်လေးတွေ ထပ်ဖြည့်ဖို့ ကျွန်တော်တို့ အကြံပေးတဲ့အခါမှာလည်း သူက အမြဲတမ်း နားထောင်ပြီး လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ပိုကောင်းလာဖို့အတွက် သူဘယ်လောက်တောင် ပွင့်လင်းပြီး ကြိုးစားချင်စိတ်ရှိလဲဆိုတာ မြင်ရတာ တကယ့်ကို အံ့ဩစရာပါပဲ" လို့ ဂွာဒီယိုလာက ပြောပါတယ်။
လက်ရှိမှာ နာပိုလီအသင်းဆီ ရောက်ရှိနေပြီဖြစ်တဲ့ စီးတီးဂန္ထဝင် ကီဗင်ဒီဘရိုင်းနဲ့ နှိုင်းယှဉ်မှုတွေအပေါ် မေးမြန်းရာမှာတော့ ဂွာဒီယိုလာက "ကီဗင် ကျွန်တော်တို့ဆီမှာ ကစားခဲ့တုန်းက (၂၀၁၅ ကနေ ၂၀၂၅ အထိ) သူ့ကို ပင်နယ်တီဧရိယာနားမှာပဲ အမြဲရှိနေစေချင်ခဲ့တာပါ။ ရိုင်ယန်ကိုလည်း ညာနောက်ခံလူတစ်ယောက်လိုမျိုး နောက်တန်းဆင်းပြီး ကစားတာမျိုး မဖြစ်စေချင်ပါဘူး။ နေရာကန့်သတ်ချက်တွေရှိတဲ့အတွက် ဒါဟာ မလွယ်ကူပေမဲ့ သူကတော့ ကစားကွက်ထဲက ဟာကွက်လေးတွေကို ရှာဖွေပြီး သူ့ရဲ့ပါရမီကို ထုတ်ပြနိုင်စွမ်း ရှိပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။