တော့တင်ဟမ်နဲ့ပွဲအပြီး ဒိုင်တွေကို ဝေဖန်ခဲ့တဲ့အတွက် ပေါင် ၈၀,၀၀၀ ဒဏ်ရိုက်ခံလိုက်ရတဲ့ မန်စီးတီးကြယ်ပွင့် ရိုဒရီ
တော့တင်ဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့တဲ့ စကားတွေကြောင့် မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ အရေးယူမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဒိုမင်းနစ် ဆိုလန်ကီက မာ့ခ်ဂူဟီရဲ့ ခြေထောက်နောက်ပိုင်းကို ကန်ပြီးမှ ချေပဂိုး သွင်းယူခဲ့တာ ဖြစ်ပေမဲ့ VAR ပြန်ကြည့်ပြီးနောက်မှာတော့ ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း စပါးအသင်းဟာ ပွဲအပြီးမှာ ၂ ဂိုးစီနဲ့ သရေကျအောင် ကစားနိုင်ခဲ့တာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရိုဒရီက ကွင်းလယ်ဒိုင် ရောဘတ်ဂျုံးစ်ဟာ "ဘက်မလိုက်ဘဲ မျှမျှတတ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး" လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီလို ဆင်ခြင်တုံတရားမဲ့တဲ့ ပြောဆိုမှုတွေကြောင့် စပိန်ကွင်းလယ်လူဟာ အပြစ်ပေးခံလိုက်ရပြီလို့ ကလပ်အသင်း ဝဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
"ကွင်းလယ်လူ ရိုဒရီဟာ ပွဲအပြီး အင်တာဗျူးမှာ ဒိုင်တွေရဲ့ ဘက်မလိုက်မှုကို သံသယဖြစ်စေတဲ့၊ ဒါမှမဟုတ် ဒိုင်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားမျိုး ပြောဆိုခဲ့တဲ့အတွက် အက်ဖ်အေ ရဲ့ စည်းမျဉ်း E3.1 ကို ချိုးဖောက်ပြီး မလျော်ကန်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက်မှာတော့ ရိုဒရီက သူ့အပေါ် စွပ်စွဲထားတဲ့ အချက်တွေကို ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ရိုဒရီကို ပေါင် ၈၀,၀၀၀ ဒဏ်ရိုက်ခဲ့သလို နောက်နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်အောင်လည်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပွဲပယ်ပြစ်ဒဏ်တော့ ကျခံရမှာ မဟုတ်ပါဘူး။ မန်စီးတီးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် ဘာနေဗျူးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အပတ်စဉ်ပိတ်ရက်မှာတော့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၉ နှစ်အရွယ် ရိုဒရီဟာ မူလက ပေါင် ၁ သိန်း ၂ သောင်းအထိ ဒဏ်ရိုက်ခံရဖို့ ရှိနေခဲ့တာပါ။ ဒါပေမဲ့ သူဟာ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ အပါအဝင် အခြားသက်ညှာပေးရမယ့် အချက်တွေကြောင့် ဒဏ်ကြေးကို ပေါင် ၈၀,၀၀၀ အထိ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။