The network connection is lost.

Banner Image

ဆင်ပျံကြီးအာဆင်နယ်ရဲ့ ၂၀၂၃-၂၄ရာသီ အလားအလာကို သုံးသပ်ကြည့်ခြင်း

အာဆင်နယ်အသင်းဟာ ယမန်နှစ်ရာသီက ဆင်ပျံကြီးလို တင်စားရလောက်အောင် ပရီးမီးယားလိဂ်ဇယားထိပ်မှာ အချိန်အတန်ကြာ ရပ်တည်နိုင်ခဲ့ပေမယ့် ရာသီကုန်မှ ခြေချော်ကာ မန်စီးတီးထံ ဆုဖလားလွှဲပြောင်းပေးခဲ့ရပါတယ်။ ကာလရှည်စောင့်မျှော်နေရတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်ခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ အဆင့်နှစ်နေရာကို ရယူနိုင်ခဲ့ကာ ၂၀၁၆-၁၇ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ရရှိခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ယမန်နှစ်ရာသီအတွင်း ဆုဖလားနဲ့ ကပ်လွဲခဲ့တာကြောင့် ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီမစခင် ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ မန်စီးတီးကို ပင်နယ်တီနဲ့ အနိုင်ယူကာ ဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ရာသီအစပွဲစဉ်အဖြစ် အာဆင်နယ်ဟာ စနေညမှာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအမ်းမရိတ်မှာ ဧည့်ခံသွားဖို့ ရှိနေပါတယ်။

အာဆင်နယ်အတွက် ပွဲကြပ်ကာလအဖြစ် စက်တင်ဘာလက စောင့်မျှော်နေပြီး ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်၊ တော့တင်ဟမ်တို့နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။  အောက်တိုဘာလမှာလည်း အသင်းကြီးပွဲစဉ်တွေအဖြစ် မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် နှစ်သစ်မှာတော့ အာဆင်နယ်အတွက် အလေးသာတဲ့ ပွဲစဉ်တွေအဖြစ် ပဲလေ့စ်၊ ဖောရက်စ်တို့နဲ့ ပွဲစဉ်တွေက ပြန်လည်စောင့်ကြိုနေခဲ့ပါတယ်။
ယမန်နှစ်ရာသီအတွင်း နည်းပြ အာတီတာဟာ အမ်းမရိတ်ထံ အာဆင်နယ်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ယူဆောင်လာပေးနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ 

ဆုဖလားနဲ့ လွဲချော်ခဲ့ရပေမယ့် အာဆင်နယ်ကို အာတီတာရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်ကိုတော့ အားလုံးမြင်တွေ့ခဲ့ကြရပါတယ်။  ဂန်းနားတွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ခြေစွမ်းဆိုးရွားကာ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေမယ့် အာတီတာက ကလပ်တာဝန်ရှိသူတွေရဲ့ ယုံကြည်မှုနဲ့အတူ အာဆင်နယ်ကို ဆုဖလား စိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာတီတာတစ်ယောက် ပရီးမီးယားလိဂ်ဆုဖလားအတွက် ယှဉ်ပြိုင်ရင်း ချန်ပီယံလိဂ်ကို ဘယ်လို စီစဉ်ပြိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

အာဆင်နယ်အသင်းမှာ အရည်အချင်းပြည့်၀တဲ့ ကစားသမားအများအပြား ပိုင်ဆိုင်ထားပေမယ့် ချန်ပီယံလိဂ် အတွေ့အကြုံနည်းခြင်းက ၁၆သင်းအဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်လာစေပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီကုန်မှာ ကစားသမားအများအပြားကို ထွက်ခွာခွင့်ပေးခဲ့ပေမယ့် ဇာခါကို ရောင်းချလိုက်တာကတော့ စိတ်ဝင်စားစရာအချက် ဖြစ်နေပါတယ်။ ၇နှစ်ကြာ အသင်းမှာ ကစားခဲ့တဲ့ ကွင်းလယ်လူကို ရောင်းချပြီး ကစားသမားသစ်နဲ့ အစားထိုးလိုက်တာက အာတီတာရဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဓာတ်ပိုင်းကို ပြသနေပါတယ်။

အာဆင်နယ်ဟာ ကိုင်ဟားဗက်ဇ်နဲ့ တင်ဘားတို့ကို ခေါ်ယူခဲ့ပေမယ့် ပေါင်၁၀၅သန်းတန် ဒီကလန်ရိုက်စ်ရဲ့ အပြောင်းအရွှေ့ကတော့ ပြောင်းရွှေ့ကြေးကြောင့် ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ရိုက်စ်ဟာ ဥရောပအကောင်းဆုံး ကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပွဲကြီးတွေမှာဆိုရင် ပျောက်နေတတ်တဲ့ အခြေအနေကတော့ အာဆင်နယ်အတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရိုက်စ် ရောက်ရှိလာခြင်းက မန်စီးတီးလိုအသင်းကို ယှဉ်ကစားနိုင်ပြီဆိုတာ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်က သက်သေပြနေပါတယ်။

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့အတွင် ပေါင်သန်း၂၀၀အထိ အသုံးပြုခဲ့ပြီးနောက် အသင်းမှာ လိုအပ်ချက်သိပ်မရှိတော့ဘူးလို့ ယူဆရပါတယ်။ အာတီတာအနေနဲ့ ရာသီသစ်မှာ လူစာရင်းကိုတော့ အများကြီး အပြောင်းအလဲလုပ်သွားဖွယ် မရှိပါဘူး။ သူ ယုံကြည်ရတဲ့ ကစားသမားတွေနဲ့ ကစားသမားသစ်တွေကို ပေါင်းဖက်ကာ ပွဲထုတ်သွားဖို့ စီစဉ်ထားပါတယ်။

ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ကြည့်မယ်ဆိုရင်လည်း အာတီတာဟာ ကစားသမားသစ်တွေဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ ကိုင်ဟားဗက်ဇ်၊ တင်ဘားတို့ကို ထည့်သွင်းအသုံးပြုသွားတာ တွေ့မြင်ခဲ့ရပါတယ်။ ဂိုးသမားနေရာမှာတော့ အပြောင်းအလဲဖြစ်ပေါ်လာနိုင်ပြီး မတ်တာနာကို နော်တင်ဟမ်ဖောရက်စ်ထံ ရောင်းချကာ ဘရန့်ဖို့ဒ်ဂိုးသမား ရာယာကို ခေါ်ယူပြီး ရမ်းဒေးနဲ့ ပြိုင်ဆိုင်စေဖို့ ရှိနေပါတယ်။

စူပါစတားကစားသမားသစ်တွေ ခေါ်ယူထားပေမယ့် အာဆင်နယ်အသင်းဟာ ကွင်းလယ်ဖန်တီးရှင် အိုဒီဂတ်ကို ဆက်လက်အားကိုးသွားဖို့ ရှိနေပါတယ်။ ဂန်းနားအသင်းခေါင်းဆောင်ဟာ ယမန်နှစ်ရာသီက ၁၅ဂိုးသွင်းကာ ၇ဂိုး ဖန်တီးပေးခဲ့ပြီး အာဆင်နယ်ကို ကူညီပေးခဲ့ပါတယ်။ အလားတူ ဆာကာ၊ မာတင်နယ်လီ၊ ထရိုဆက်တို့ဟာလည်း လာမယ့်ရာသီ အာတီတာ အားကိုးရမယ့် ကစားသမားတွေအဖြစ် ဆက်လက်မြင်တွေ့ရနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ သေချာပြင်ဆင်ထားခဲ့ပါတယ်။ အပြောင်းအရွှေ့အတွင်း စူပါစတားတွေကို ခေါ်ယူထားခဲ့သလို ဟားဗက်ဇ်ရဲ့အပြောင်းအရွှေ့တစ်ခုသာ မေးခွန်းထုတ်စရာအဖြစ် ရှိနေခဲ့ပါတယ်။ ကိုင်ဟားဗက်ဇ်ဟာ ချဲလ်ဆီးမှာ သုံးနှစ်ကြာ ကစားခဲ့စဉ် ကွင်းလယ်၊ တောင်ပံနဲ့ တိုက်စစ်နေရာတွေမှာ ကစားခဲ့ရပေမယ့် ဂိုးသွင်းနှုန်း၊ ဖန်တီးမှုစွမ်းရည်တို့မှာ အထင်ကြီးလောက်စရာ ပမာဏရရှိခဲ့ခြင်း မရှိပါဘူး။

အာတီတာကတော့ ကိုင်ဟားဗက်ဇ်ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆွဲထုတ်နိုင်မယ်လို့ ယူဆကာ ပေါင်၆၅သန်းအထိပေးကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကြားမှာ ဗျာများနိုင်ပြီး ပြည်တွင်းဖလားတစ်လုံးမှာတော့ အောင်မြင်မှုရနိုင်ပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ လာမယ့်ရာသီ အဆင့်၃နေရာနဲ့ ရာသီကုန်နိုင်မယ်လို့ သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။