
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဇီကိုခေါ်ယူဖို့ ကမ်းလှမ်းမှုမပြုလုပ်ရသေးတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေကာလအတွင်း တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ထပ်မံကြိုးစားနေပြီး ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဘရီချီအီဇီကို စိတ်ဝင်စားနေပေမယ့် အခုချိန်အထိတော့ ကစားသမားကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးဘူးလို့သိရပါတယ်။
အာဆင်နယ်ဟာ ဗစ်တာယော်ကရက်စ်နဲ့ နိုနီမာဒူကီတို့ကိုခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် အီဇီကိုလည်း ထပ်မံခေါ်ယူလိုတာကြောင့် ဆွေးနွေးမှုတွေပြုလုပ်ထားပေမယ့် ပဲလေ့စ်ဘက်က အီဇီရဲ့တန်ကြေးကို ပေါင် ၆၈ သန်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယခုနွေရာသီအတွင်း ဗစ်တာယော်ကရက်စ်၊ မာတင်ဇူဘီမန်ဒီ၊ ခရစ်ရှန်နော်ဂတ်၊ ခရစ်သီယန်မော်စ်ကွီရာ၊ နိုနီမာဒူကီနဲ့ ကီပါတို့ကိုခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်းထားပါတယ်။
ယခုအခါမှာ အပြောင်းအရွှေ့ဈေးကွက်က မကြာမီမှာပဲပိတ်သိမ်းတော့မှာဖြစ်လို့ အာဆင်နယ်အနေနဲ့ အီဇီကိုခေါ်ယူပြီး အသင်းကို ထပ်မံအင်အားဖြည့်တင်းလိုနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ ပြိုင်ဘက် တော့တင်ဟမ်ကလည်း အီဇီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ကြိုးစားနေတယ်လို့ သတင်းတွေကဆိုပါတယ်။
နာမည်ကျော်ဂျာနယ်လစ် အော်န်စတိန်းရဲ့အဆိုအရ လက်ရှိအချိန်အထိတော့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ နှစ်သင်းလုံးဟာ အီဇီရဲ့ တန်ကြေးပေါင် ၆၈ သန်းကိုပေးချေဖို့ ဆန္ဒမရှိဘူးလို့သိရပါတယ်။ အာဆင်နယ်အနေနဲ့ အသင်းရဲ့အဖိုးတန်လူငယ်ကြယ်ပွင့် အီသန်နွာနီရီကိုရောင်းချပါက အီဇီကို ခေါ်ယူနိုင်မှာဖြစ်ပေမယ့် နွာနီရီဟာ အသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အီဇီကိုခေါ်ယူဖို့ ကြိုးစားနေဆဲဖြစ်ပေမယ့် ဘဏ္ဍာရေးအခြေအနေအရတော့ ခေါ်ယူနိုင်ဖို့ အတော်လေးအခက်ကြုံနိုင်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ မီခေးလ်အာတီတာရဲ့အသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရပါမယ်။