The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းတိုးတက်လာပေမဲ့ ပြိုင်ပွဲတိုင်းကိုတော့ မလွှမ်းမိုးထားနိုင်ဘူးလို့ ဂါးလက်စ် ပြောကြား

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်နောက်ခံလူဟောင်း ဝီလျံဂါးလက်စ်က နည်းပြအာတီတာလက်အောက် အာဆင်နယ်အသင်းမှာ ပြိုင်ပွဲတွေကို လွှမ်းမိုးထားနိုင်လောက်တဲ့ အရည်အသွေးမျိုး မရှိသေးဘူးလို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပအောင်မြင်မှုရရှိဖို့ ခြေတစ်လှမ်းပဲ လိုအပ်တော့သလို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့လည်း နောက်ထပ်နှစ်ပွဲပဲ ကစားသွားရပါတောမ့ယ်။

အာတီတာက ဒီရာသီမှာ သူ့အသင်းကို အစွမ်းကုန်တွန်းအားပေးထားပြီး မြောက်လန်ဒန်ကလပ်နဲ့အတူ သမိုင်းသစ်ရေးထိုးဖို့ နီးစပ်နေပါတယ်။

ဒီရာသီမှာ အောင်မြင်မှုတွေ ရနေပေမဲ့လည်း ဂါးလက်စ်က BetVictor နဲ့ အင်တာဗျူးမှာ သူ့အသင်းဟောင်းကို နောင်လာမယ့်နှစ်တွေမှာ အင်အားကြီးထွားနိုင်တဲ့အသင်းမျိုး မဖြစ်လာနိုင်ဘူးလို့ ပရိသတ်တွေ စိုးရိမ်စေမယ့်စကားမျိုး ဆိုလာပါတယ်။

"နောက်ရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ကို လွှမ်းမိုးထားနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြင်သစ်လိဂ်က ပရီးမီးယားလိဂ်နဲ့ မတူလို့ ပီအက်စ်ဂျီကတော့ ပြင်သစ်လိဂ်မှာ ပြန်ပြီး လွှမ်းမိုးနိုင်ပါလိမ့်မယ်။ ပရီးမီးယားလိဂ်လောက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ဖိအားမများဘူးလေ" လို့ သူက ဆိုပါတယ်။

"အာဆင်နယ်က ဒီရာသီမှာလည်း လွှမ်းမိုးထားနိုင်တာ မဟုတ်ပါဘူး။ မန်စီးတီးကို ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်အောင် အခွင့်အရေးပေးခဲ့သလို၊ လိဂ်ပွဲစဉ်နဲ့ ဖလားဗိုလ်လုပွဲမှာလည်း သူတို့ကို ရှုံးနိမ့်ခဲ့ပါတယ်"

"ဘာပဲဖြစ်ဖြစ် အာတီတာက နောက်တစ်ရာသီ ဆက်ရှိနေဦးမှာဖြစ်ပြီး နောက်နှစ်မှာ သူ့ရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ဖလားရရှိဖို့ အစွမ်းကုန် ကြိုးစားပါလိမ့်မယ်"

"ဒီရာသီမှာ အာဆင်နယ်ရဲ့စိတ်ဓာတ်ပိုင်းက တိုးတက်လာပါတယ်။ မန်စီးတီးကို ရှုံးနိမ့်ပြီးနောက်မှာတောင် သူတို့ စိတ်ဓာတ်မကျသွားဘူး။ ချန်ပီယံလိဂ်မှာလည်း တိုက်ပွဲဝင်နေကြသလို ဝက်စ်ဟမ်းနဲ့ပွဲစဉ်အနိုင်ရလဒ်ကလည်း သူတို့ ဂိုးမရမချင်း မရပ်မနားကြိုးစားနေတယ်ဆိုတာကို ပြသနေပါတယ်"

အာဆင်နယ်က ဘန်လေနဲ့ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ထိပ်တန်းလိဂ် ၁၉ ပွဲမှာ ၁ ပွဲပဲ ရှုံးနိမ့်ထားပါတယ်။

အကယ်၍ သူတို့သာ အနိုင်ရခဲ့ပြီး မန်စီးတီးက ဘုန်းမောက်နဲ့ပွဲစဉ်မှာ အမှားအယွင်းရှိမယ်ဆိုရင် အာဆင်နယ်တို့ အခုသီတင်းပတ်အတွင်းမှာတင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားနိုင်ပါတယ်။ ဒီအရှိန်အဝါကို နောက်ထပ် နှစ်ပတ်အကြာမှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ သယ်ဆောင်သွားနိုင်မယ်ဆိုရင် ဂန်းနားတွေအတွက် အမှတ်ရစရာဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။