The network connection is lost.

Banner Image

ပီအက်စ်ဂျီ အကောင်းဆုံးခြေစွမ်းမှာရောက်ရှိနေကြောင်း လီဗာပူးကို ဒမ်ဘီလီသတိပေး

ပီအက်စ်ဂျီတောင်ပံကစားသမား အူစမန်ဒမ်ဘီလီက သူ့ရဲ့အသင်းဟာ အမြင့်ဆုံးခြေစွမ်းမှာရောက်ရှိတယ်လို့ ပြောကြားလာခဲ့ပြီး ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ရင်ဆိုင်သွားရမယ့် လီဗာပူးကို သတိပေးစကားဆိုလာခဲ့ပါတယ်။ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် တောက်လျှောက်ခြေစွမ်းပြသပြီး ဂိုးတွေသွင်းထားနိုင်တဲ့ ဒမ်ဘီလီဟာ လီဂူးဝမ်းရွှေဖိနပ်ဆုရရှိဖို့ အလားအလာအရှိဆုံးဖြစ်နေပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိုင်လီကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာလည်း ပီအက်စ်ဂျီအတွက် သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာတော့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒမ်ဘီလီက သူ့ရဲ့အသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည်မှာရှိနေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ လိုင်လီကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားက "ဒီနေ့ပွဲမှာ ကျွန်တော်တို့အရမ်းကောင်းခဲ့ပါတယ်။ လာမယ့်ပွဲအတွက်လည်း ပြင်ဆင်နေပါပြီ။ ရာသီအစမှာကတည်းက နည်းပြက ကျွန်တော်တို့ကို အကောင်းဆုံးကစားဖို့ ပြောထားပါတယ်"

"တစ်သင်းလုံးက စည်းစည်းလုံးလုံးကစားနေပြီး တိုက်စစ်၊ ကွင်းလယ်နဲ့ ခံစစ်က ဟန်ချက်ညီနေပါတယ်။ အရမ်းကောင်းတဲ့အခြေအနေမှာ ရောက်ရှိနေပါတယ်။ တတ်နိုင်သလောက် ဒီပုံစံကို အကြာကြီးထိန်းသွားနိုင်ဖို့ ကြိုးစားသွားပါမယ်။ တစ်သင်းလုံးက တိုက်စစ်ကို လိုက်ပါကစားနိုင်ကြပြီး၊ တစ်သင်းလုံး ခံစစ်လည်း ကစားနိုင်ကြပါတယ်။ လီဗာပူးနဲ့ပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ လီဗာပူးက အုပ်စုပထမနေရာနဲ့ ဒီအဆင့်ကိုတက်လာခဲ့တာပါ။ သူတို့ကလည်း ယုံကြည်ချက်မြင့်နေမှာဖြစ်လို့ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြားရက်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၂ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားမယ့် လီဗာပူးကလည်း စိတ်ဓာတ်ပိုင်း အတော်လေးတက်ကြွနေမှာဖြစ်ပါတယ်။ နယူးကာဆယ်ကိုအနိုင်ရခဲ့တာကြောင့် အန်းစလော့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ၁၃ မှတ်အထိ ဖြတ်တောက်ပြီးဦးဆောင်ထားနိုင်ပါတယ်။ လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဂျီဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် စနေနေ့မှာ ရန်းနက်စ်နဲ့ ကစားသွားရပါမယ်။