ဗန်ဒိုက်ကို အခက်ခဲဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ထားတဲ့ မာဒူကီ
အာဆင်နယ်တိုက်စစ်ကစားသမားမာဒူကီက လီဗာပူးအသင်းခေါင်းဆောင်ဗန်ဒိုက်ကို ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေအနက် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လာမယ့် ဇူလိုင်လမှာ အသက် ၃၅ နှစ် ပြည့်မြောက်မယ့် ဗန်ဒိုက်က ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးရဲ့ ခက်ခဲတဲ့ဘောလုံးရာသီအတွင်း အကောင်းဆုံးဦးဆောင်ပေးနေဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အန်ဖီးလ်ဆီ ရောက်ရှိလာတဲ့ ဟော်လန်သားက လီဗာပူးနဲ့အတူ ဆုဖလားမျိုးစုံကို သိမ်းပိုက်နိုင်ခဲ့သလို အသင်းရဲ့အဓိကကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဗန်ဒိုက်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း လီဗာပူးအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ၊ ပွဲချိန် ၄,၆၇၁ မိနစ်အထိ ပါဝင်ကစားပေးထားပါတယ်။ ဒါက ဥရောပထိပ်သီးလိဂ်ငါးခုရှိ ဘယ်ကစားသမားထက်မဆို ပိုများတဲ့ ပွဲထွက်မိနစ်တွေလည်း ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ဗန်ဒိုက်ကိုကျော်ဖြတ်ဖို့ ခက်ခဲလွန်းနေဆဲဖြစ်ပြီး သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဝက်စ်ဟမ်းကိုအနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မတိုင်ခင် အာဆင်နယ်ကစားသမားမာဒူကီက သူရင်ဆိုင်ခဲ့ရသမျှပြိုင်ဘက်တွေအနက် ဗန်ဒိုက်ကို ကျော်ဖြတ်ဖို့ အခက်အခဲဆုံးပဲလို့ ပြောဆိုခဲ့ပါတယ်။
"ကျွန်တော့်အတွက်တော့ ဗန်ဒိုက်လို့ပဲ ပြောရမှာပါ။ သူက ကိုယ်ခန္ဓာအရမ်းထွားသလို အရမ်းလည်းမြန်တော့ သူ့ကိုကျော်ဖြတ်ဖို့ တကယ်ခက်ပါတယ်။ အခက်ခဲဆုံးကတော့ သူပါပဲ" လို့ မာဒူကီက ဆိုပါတယ်။ "အခုလိုကစားသမားမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုတာ ကောင်းမွန်တဲ့ယှဉ်ပြိုင်မှုတစ်ခုပါ၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးသူတွေနဲ့ယှဉ်ပြီး စမ်းသပ်ချင်တယ်ဆိုတာ ပွဲစဉ်တစ်ခုမတိုင်ခင် ထားရှိရမယ့် စိတ်ဓါတ်မျိုး ဖြစ်ပါတယ်။ ဒါက အမြင့်ဆုံးအဆင့်ဘောလုံးလောကဖြစ်လို့ အခုလိုကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်" လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
အခုလို ချီးကျူးစကားတွေ ရှိနေပေမဲ့ လီဗာပူးအသင်းကတော့ ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ မိုဟာမက်ဆာလက်နဲ့ ရောဘတ်ဆန်တို့ကို လက်လွှတ်သွားဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေအရ လာမယ့်ရာသီမှာ အသင်းအတွက် အပြောင်းအလဲကြီးတစ်ခုအဖြစ် ဗန်ဒိုက်နဲ့ အလီဆင်တို့ ထွက်ခွာသွားနိုင်တယ်လို့လည်း သိရပါတယ်။