The network connection is lost.

Banner Image

နယ်သာလန်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတဲ့ ကိုင်ဟားဗက်ဇ်နဲ့ မူစီယာလာတို့ရဲ့ အခြေအနေကို ကလော့ပ် ဖွင့်ဟလာ

နယ်သာလန်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားတဲ့ အာဆင်နယ်တိုက်စစ်မှူးကိုင်ဟားဗက်ဇ်နဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်မူစီယာလာတို့ရဲ့ အခြေအနေကို ယာဂန်ကလော့ပ်ကိုယ်တိုင် အသိပေးပြောကြားလာပါတယ်။
 
အခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှ မူစီယာလာ နုတ်ထွက်ခဲ့ရသလို ကိုင်ဟားဗက်ဇ်ကိုလည်း ပထမပိုင်းပွဲချိန်အတွင်း ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရလို့ ဂျာမနီအသင်းအတွက် နှစ်ထပ်ကွမ်းဒဏ်ရာထိုးနှက်ချက်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။
 
သွေးပူလေ့ကျင့်ခန်းဆင်းနေချိန် မူစီယာလာရဲ့ ပေါင်ကြွက်သားမသက်မသာဖြစ်မှုကို သတင်းပို့လာလို့ ပွဲထွက်လူစာရင်းမှ ပယ်ဖျက်ခဲ့ရသလို ကိုင်ဟားဗက်ဇ်မှာလည်း ပေါင်ကြွက်သားဒဏ်ရာရရှိသွားပုံပေါ်နေလို့ ပထမပိုင်းမပြီးဆုံးခင် လူစားလဲလှယ်ခဲ့ရပါတယ်။
 
ပွဲစဉ်အပြီး RTL သတင်းဌာနနဲ့တွေ့ဆုံချိန် ကလော့ပ်က "လောလောဆယ်တော့ သူတို့နှစ်ဦးလုံး သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးစစ်ဆေးမှုတွေ ခံယူနေကြပါတယ်။ ဒီညနေမှာ ဆေးစစ်ချက်ရလဒ်တွေ သိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
 
"ဒါပေမဲ့ သတင်းကောင်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ကြီးကြီးမားမား မဖြစ်လာဖို့ဘဲ မျှော်လင့်ရတာပေါ့" လို့ ဆက်ပြောပါတယ်။

ဒါကြောင့် ကိုင်ဟားဗက်ဇ်ရော၊ မူစီယာလာပါ လာမယ့်တနင်္ဂနွေနေ့၊ ဂရိနဲ့ပွဲစဉ်အတွက် ပါဝင်ကစားဖို့ မသေချာတော့ပါဘူး။
 
"ကျွန်တော်တို့အတွက် သူတို့နှစ်ဦးကို လက်လွှတ်ရဖို့ ရာခိုင်နှုန်းအတော်လေးများပါတယ်။ ဒါပေမဲ့ သူတို့တွေ မြန်မြန်ဆန်ဆန်သက်သာလာပြီး ပွဲကစားပေးနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်" လို့ ကလော့ပ်က ဆိုပါတယ်။