ဖာနန်ဒက်စ်ရဲ့ပြဿနာတွေ ပေါ်ပေါက်ခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်မှာ စည်းလုံးညီညွတ်မှု ရှိနေဆဲပဲလို့ ဖွင့်ဟလာတဲ့ လမ်မန်းစ်
ဘရူနိုဖာနန်ဒက်စ်ရဲ့ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမားဆန်နီလမ်မန်းစ်က သူ့ရဲ့အသင်းကို ကာကွယ်ပြောဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ်မှာ ကိုမိုကို ၄-၁ ဂိုးနဲ့ အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က မိုက်ကယ်ကာရစ်ရဲ့နည်းဗျူဟာပိုင်းအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့လို့ လတ်တလောအငြင်းပွားမှုကြီးရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။
ကိုမိုနဲ့ရင်ဆိုင်ရချိန် တစ်ဦးချင်းလူကပ်ဖိအားမပေးနိုင်ခဲ့တဲ့ နည်းပြအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ဘရူနိုဖာနန်ဒက်စ်က မေးခွန်းထုတ်ခဲ့ပြီး ဒါက နည်းပြအဖွဲ့ရဲ့လုပ်ပိုင်ခွင့်အပေါ် အာခံတဲ့ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသလို သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ပါ ဆုံးရှုံးသွားနိုင်တဲ့ လုပ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကာရေဂါက ဘရူနိုဖာနန်ဒက်စ်ရဲ့အပြုအမူကို အရှက်ရစရာလုပ်ရပ်လို့ သတ်မှတ်ခေါ်ဆိုခဲ့သလို ကလပ်ဂန္ထဝင်ဝိန်းရွန်းနီကလည်း ပေါ်တူဂီလက်ရွေးစင်ကစားသမားကို ကလေးဆိုးတစ်ယောက်လို ပြုမူနေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
နည်းဗျူဟာတစ်ခုတည်းကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်တယ်ဆိုတဲ့ အချက်ကို ကာရစ်က လက်မခံခဲ့သလို လာမယ့်သီတင်းပတ်တွေအတွင်း အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေကို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့မှတ်ချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့ ယူနိုက်တက်ရဲ့အဝတ်လဲခန်းအတွင်း စည်းလုံးမှု ရှိနေဆဲပဲလို့ လမ်မန်းစ်က ပြောဆိုခဲ့ပါတယ်။
လမ်မန်းစ်က "ကျွန်တော်တစ်ဦးတည်းအမြင်အရတော့ စည်းလုံးမှု ရှိနေဆဲပါပဲ။ ပွဲစဉ်အပြီးမှာ ကစားသမားတွေ အကြီးအကျယ် စိတ်ပျက်ဒေါသထွက်နေကြတယ်ဆိုတာကို မြင်တွေ့ဖို့ လွယ်ကူသလို ကျွန်တော်လည်း နားလည်ပါတယ်"
"ကျွန်တော်တို့အားလုံး အခုထက်ပိုကောင်းအောင် လုပ်ချင်ကြလို့ ကျွန်တော်လည်း အရမ်းစိတ်ပျက်မိပါတယ်။ အားလုံးက အနိုင်ရချင်ကြတယ်။ အဲဒီအခါမှာ တစ်ခါတလေတော့ ကိုယ်တကယ်မရည်ရွယ်တဲ့ စကားတွေ သို့မဟုတ် ကိုယ်ဆိုလိုချင်တာကို အပြည့်အဝ ရှင်းမပြနိုင်တဲ့ စကားတွေကို ပြောမိတတ်ကြပါတယ်"
"ဒါကို အိမ်မှာရှိတဲ့ပရိသတ်တွေ မမြင်နိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်ကုန်၊ ကွင်းထဲမှာ အဲဒီလိုစည်းလုံးမှုကို မြင်သာအောင် ကြိုးစားပြသဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေကြသလို နည်းပြအဖွဲ့၊ ကစားသမားတွေနဲ့ စီမံခန့်ခွဲရေးတာဝန်ရှိသူတွေအားလုံး နည်းပြရဲ့နောက်ကွယ်မှာ အတူတကွ စည်းစည်းလုံးလုံးရပ်တည်နေကြပါတယ်ဆိုတာကို ကျွန်တော် အာမခံနိုင်ပါတယ်"
"လူတိုင်းက ဒီထက်ပိုကောင်းအောင် လုပ်ဆောင်ရမယ်ဆိုတာကို သိထားကြသလို ကျွန်တော်တို့ စည်းစည်းလုံးလုံးရှိနေပြီး အသင်းတစ်ခုအဖြစ် အတူတကွ ပိုမိုတိုးတက်လာအောင် ကြိုးစားနေကြတယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။
ယူနိုက်တက်ရဲ့ခြေစွမ်းပိုင်းကျဆင်းနေမှုအတွက် ကာရစ် တာဝန်ယူခဲ့ပေမဲ့ ဒီည၊ ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန်မှာ အခြေအနေတွေ အကောင်းဘက်ဆီ ပြောင်းလဲပေးသွားနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။