သူ့ရဲ့စိတ်ကျန်းမာရေးအခြေအနေအကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာတဲ့ အရူဂျို
ဘာစီလိုနာမှာရှိနေချိန် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ရုန်းကန်ခဲ့ရမှုတွေနဲ့ ပတ်သက်လို့ အရူဂျိုက ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလာပါတယ်။
စိတ်ကျရောဂါအထိ ကူးစက်ဖြစ်ပွားလာခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ၁၈ လကြာ ရုန်းကန်ခဲ့ရပြီး ဒီလိုမှောင်မိုက်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းရင်ဆိုင်နေရချိန်မှာတောင် စပိန်ထိပ်သီး ဘာစီလိုနာအတွက် ဆက်ကစားပေးခဲ့တယ်လို့ အာရူဟိုက ဖွင့်ဟခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အနီကတ်ပြထုတ်ပယ်ခံရပြီးနောက် သူ့ရဲ့မိသားစုဆီ ဦးတည်လာတဲ့ ခြိမ်းခြောက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာဖိအားတွေ ပိုမိုဆိုးရွားလာခဲ့ပြီး အဲ့ဒီပွဲစဉ်အပြီး သူတစ်ဦးတည်း ဆက်လက်ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဆီ ရောက်ရှိသွားခဲ့ပါတယ်။
The Times သတင်းစာနဲ့တွေ့ဆုံချိန် လီဗာပူးဆီ အငှားလာရောက်ကစားနေတဲ့ နောက်ခံလူက သူ အကူအညီတောင်းခံခဲ့ရပုံ၊ စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆက်သွယ်တိုင်ပင်ခဲ့ရပုံတွေကို ဖွင့်ဟပြောပြာလာပါတယ်။
အရူဂျိုက "တကယ်ကို ခက်ခဲတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အရာက အနည်းငယ် နောက်ဆုတ်လိုက်ဖို့ပဲလို့ ခံစားခဲ့ရပါတယ်။ စိတ်ထဲမှာ မသက်မသာဖြစ်နေတာ ကြာမြင့်နေပြီဖြစ်သလို ကျွန်တော် အချစ်ဆုံးအရာဖြစ်တဲ့ ဘောလုံးကစားရတာကိုတောင် မပျော်မွေ့နိုင်တော့ပါဘူး"
"ကျွန်တော် အကူအညီတောင်းဖို့ လိုအပ်နေပြီဆိုတာကို သဘောပေါက်ခဲ့သလို ကိုယ့်ရဲ့ အနီးစပ်ဆုံးလူတွေသာမက ကျွမ်းကျင်သူတွေနဲ့ပါ စကားပြောဆို တိုင်ပင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ခဲ့ပါတယ်။ တစ်ခါတလေကျရင် လူတွေက ခံစားချက်တွေကို အောင့်အီးထားပြီး သန်မာတဲ့ ယောကျ်ားတစ်ဦးအဖြစ် နေထိုင်ပြဖို့ ကြိုးစားကြပေမဲ့ ဘဝမှာတော့ ကိုယ်ဖြတ်သန်းနေရတဲ့ အရာတွေကို ဖွင့်ဟပြောဆိုဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
ဘာစီလိုနာကတော့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ သူ့ကို အကန့်အသတ်မရှိ အနားယူခွင့် ပေးခဲ့ပါတယ်။ အဲဒီနောက် ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ဘောလုံးလောကနဲ့ ၂ လခန့် ဝေးကွာခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်း ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ အယ်လ်ဘာစီတီနဲ့ပွဲစဉ်မှာ ပါဝင်ကစားရင်း ကွင်းတင်း ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီလို အနားယူခဲ့မှုကို "ဘ၀တလျှောက် အကောင်းဆုံးဆုံးဖြတ်ချက်" လို့ သူက သတ်မှတ်ခဲ့ပြီး အဲဒီနောက်ပိုင်း မာဆေးဆိုဒ်ဆီ ပြောင်းရွှေ့လာခဲ့မှုနဲ့အတူ အခုတော့ ပရိသတ်တွေ ချစ်မြတ်နိုးရတဲ့ကစားသမားတစ်ဦး အလျင်အမြန် ဖြစ်လာခဲ့ပါတယ်။