အာတီတာက ပေါင်သန်း ၈၀ တန် ကြယ်ပွင့်ကို လိုချင်နေတာကြောင့် အာဆင်နယ်ကနေ မာတင်နယ်လီ ထွက်ခွာရဖို့ သေချာသလောက် ရှိနေ
ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုတွေအပြီးမှာတော့ အခုအခါ နည်းပြ အာတီတာရဲ့ နွေရာသီ အပြောင်းအရွှေ့ အစီအစဉ်တွေအပေါ် အာရုံစိုက်မှုတွေ ရောက်ရှိလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အင်အားဖြည့်တင်းလိုနေပြီး အာတီတာကတော့ အသင်းအတွက် အရည်အသွေးမြင့် ဘယ်တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူဖို့ ရှာဖွေနေပါတယ်။
လက်ရှိမှာတော့ ထရော့ဆတ်နဲ့ ဂါဘရီယယ် မာတင်နယ်လီတို့ဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။ ဒါပေမဲ့ များသောအားဖြင့်တော့ ထရော့ဆတ်ကပဲ ပွဲထွက်ခွင့်ရလေ့ရှိပြီး ဘရာဇီးလ်ကြယ်ပွင့် မာတင်နယ်လီကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ (၁၁) ပွဲပဲ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
မာတင်နယ်လီဟာ ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေသလို သူကိုယ်တိုင်လည်း အမ်းမရိတ်ကွင်းမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အသင်းဘက်က နောက်ထပ်ကစားသမားသစ် တစ်ဦးသာ ထပ်မံခေါ်ယူလိုက်မယ်ဆိုရင်တော့ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတင်နယ်လီအတွက် ပွဲထွက်ခွင့်ရဖို့ ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ အာတီတာဟာ အက်စတွန်ဗီလာကြယ်ပွင့် မော်ဂန်ရော့ဂျာကို ခေါ်ယူဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကြိုးပမ်းနေပြီး အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း အကြိုညှိနှိုင်းမှုတွေ ပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။
ရော့ဂျာဟာ မကြာသေးခင်က အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆု ရရှိအောင် ကူညီပေးခဲ့ပြီး အသင်းရဲ့ နှစ်ပေါင်း (၃၀) ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်တွေကြောင့် အက်စတွန်ဗီလာအသင်းအနေနဲ့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတချို့ကို ပြန်လည်ရောင်းချဖို့ ဖိအားပေးခံနေရပါတယ်။
ဗီလာအသင်းကတော့ ရော့ဂျာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၀) သန်း သတ်မှတ်ထားပြီး အာဆင်နယ်အသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အပြိုင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။