ရုန်းကန်နေရတဲ့ လီဗာပူးကြယ်ပွင့်နှစ်ဦးကို ရာနှုန်းပြည့် ယုံကြည်ထားပါတယ်လို့ ဆိုလိုက်တဲ့ အီရာအိုလာ
လီဗာပူးမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့ ဘာကိုလာတို့အပေါ် အပြည့်အ၀ယုံကြည်မှုရှိတယ်လို့ နည်းပြအီရာအိုလာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဖလော်ရီယန်ဝစ်ဇ်က ပြီးခဲ့တဲ့နှစ်၊ နွေရာသီမှာ ပေါင် ၁၁၆ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကြီးနဲ့ လီဗာပူးဆီ ရောက်ရှိလာခဲ့ပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်ပြည့်အောင်တောင် မစွမ်းဆောင်နိုင်သေးပါဘူး။
အသက် ၂၄ နှစ်အရွယ်ဘာကိုလာကိုတော့ မိုဆာလက်နေရာ အစားထိုးဖို့အတွက် ကလပ်ရဲ့ ဦးစားပေးကစားသမားအဖြစ် အပိုဆုကြေးတွေအပါအဝင် ပေါင် ၁၂၃ သန်းဖြင့် ပီအက်စ်ဂျီ (PSG) ဆီမှ ခေါ်ယူခဲ့ပါတယ်။ ဒီပြင်သစ်လက်ရွေးစင်ကစားသမားလည်း အခုအချိန်အထိ သွင်းဂိုး(သို့မဟုတ်) ဂိုးဖန်တီးမှု မပြုလုပ်နိုင်သေးပါဘူး။
LASK နဲ့ ကစားရမယ့် လီဗာပူးရဲ့ ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အီရာအိုလာက ရုန်းကန်နေရတဲ့ ကြယ်ပွင့်တွေကို ထောက်ခံအားပေးခဲ့ပါတယ်။
လီဗာပူးနည်းပြက "တာဝန်ယူမှုတွေကတော့ လူစာရင်းထဲမှာရှိသူအားလုံး အတူတူပါပဲ။ စွမ်းဆောင်ရည်တွေလည်း အတူတူပါပဲ။ တခါတလေမှာ ကိန်းဂဏန်းတွေကိုပဲ အာရုံစိုက်နေလို့ မရပါဘူး" လို့ ပြောပါတယ်။
"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘာကိုလာရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ အရာများစွာကို ကျွန်တော် သဘောကျခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့အခြေအနေတွေ ရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘာကိုလာနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ဆိုတာ ကျွန်တော် ရာနှုန်းပြည့်ယုံကြည်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။