
ကွန်မြူနတီဒိုင်းရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းတိုးတက်လာရမယ့်အပိုင်းကဏ္ဍတွေကို ထောက်ပြလာတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် ကွန်မြူနတီဒိုင်းပွဲစဉ်အတွင်း ပြသခဲ့တဲ့ အသင်းစွမ်းဆောင်ရည်ပိုင်းကို မြှင့်တင်နိုင်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ လီဗာပူးက သာမန်ပွဲကစားချိန်အတွင်း ပဲလေ့စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပေမယ့် ပယ်နယ်တီအဆုံးအဖြတ်မှာ မိုဆာလက်၊ မက်အယ်လစ္စတာတို့ရဲ့လွဲချော်မှုနဲ့အတူ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်။ အန်းစလော့ကတော့ နှစ်ဂိုးအထိရှာဖွေခဲ့တဲ့ သူ့အသင်းရဲ့လုပ်ရည်ကိုင်ရည်အပေါ် ကျေနပ်နေပေမယ့် ခံစစ်ပိုင်းအလွယ်တကူပျက်စီးနေမှုကိုတော့ မပျော်မရွှင်ဖြစ်နေခဲ့ပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ခံစားချက်တွေ နည်းနည်းရောထွေးနေပါတယ်။ စုစည်းမှုအပြည့်ရှိတဲ့ ပြိုင်ဘက်အသင်းတစ်ခုနဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့အသင်းတိုက်စစ်ကစားပုံကို ကြည့်လိုက်ရင် ပြီးခဲ့တဲ့ဘောလုံးရာသီထက် ပိုကောင်းနေတာမျိုး မြင်တွေ့ကောင်းမြင်တွေ့နိုင်ပါတယ်။ကျွန်တော်တို့ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်ကို ကျွန်တော်တို့ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ အခုဒီနေ့မှာတော့ နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့က ဘီလ်ဘာအိုနဲ့ပွဲစဉ်လိုပဲ နှစ်ဂိုးပြန်ပေးလိုက်ရပါတယ်။ အေစီမီလန်နဲ့ပွဲစဉ်မှာဆို အခုထက်တောင် ပိုများနေပါတယ်။ ဒါက ကျွန်တော်တို့တွေ ပိုကောင်းအောင်လုပ်သွားရမယ့် ကိစ္စတစ်ခုပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က သူ့အသင်းခံစစ်ပိုင်းပြဿနာတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူက “ ယေဘုယျအားဖြင့် ပြိုင်ဘက်က ခံစစ်ကို ပိတ်ဆို့ကစားခဲ့လို့ အခွင့်အရေးတော့ အများကြီးမရရှိခဲ့ပါဘူး။ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဖက်နှစ်ဂိုးစီသရေကျသွားပြီးနောက် ပြိုင်ဘက်အတွက် အခွင့်အရေးတွေ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် အဲ့ဒီလိုအခိုက်အတန့်မျိုးတွေမှာ ကျွန်တော်တို့က အခွင့်အရေးတွေ အများကြီးမပေးရပေမယ့် ဂိုးတွေတော့ ပြန်ပေးနေရလို့ ခံစစ်ပိုင်းချိန်ညှိမှုတွေ နည်းနည်းလုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးအသင်းခံစစ်ပိုင်းအတွက် နောက်ထပ်စမ်းသပ်ချက်တစ်ခုကတော့ ဘုန်းမောက်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ဖြစ်ပါတယ်။ ဘုန်းမောက်က ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဆီမန်ညို၊ အီဗန်နယ်လ်ဆင်တို့ရဲ့တိုးအား၊ ရုန်းအားတွေနဲ့အတူ တောင်ပံတိုက်စစ်ကစားပုံအပိုင်းမှာ အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။