ပြင်းထန်ဒဏ်ရာရသွားပြီးနောက် ပရိသတ်တွေဆီ စိတ်လှုပ်ရှားဖွယ် သတင်းစကားပါးလိုက်တဲ့ အီကီတီကီ
ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာအခြေအနေကို သိရှိခဲ့ပြီးနောက် လီဗာပူးတိုက်စစ်မှူးအီကီတီကီက ပရိသတ်တွေဆီကို သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။
အီကီတီကီက ခြေဖနောင့်ကြော (Achilles tendon) ပြတ်တောက်သွားတဲ့ ဒဏ်ရာကြောင့် အခုရာသီလက်ကျန်ပွဲစဉ်တွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်သွားပါတော့မယ်။
အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးကတော့ လီဗာပူးပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် နာကျင်မှုတွေကို ကျော်ဖြတ်ဖို့နဲ့ ပြန်လည်သက်သာလာဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရင်း Instagram မှတဆင့် အခုလိုပဲ သတင်းစကားပါးခဲ့ပါတယ်။
"ဒါက တကယ်ကို ခက်ခဲပါတယ်၊ မတရားဘူးလို့တောင် ထင်ရနိုင်ပေမဲ့... အခုလို ခက်ခဲတဲ့အချိန်မှာ ခင်ဗျားတို့တွေနဲ့အတူရှိနေရတာကိုပဲ ကျေးဇူးတင်မိပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။ "ကျွန်တော် တစ်ဦးတည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့အင်အားနဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ တွန်းအားတွေ ဖြစ်လာပါလိမ့်မယ်။ အန်ဖီးလ်မှာ မကြာခင် ပြန်တွေ့ကြတာပေါ့" လို့ ဆိုပါတယ်။
အန်ဖီးလ်ကစားသမားဘ၀ပထမဦးဆုံးရာသီမှာပဲ အီကီတီကီက ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ နည်းပြ အန်းစလော့အတွက်တော့ နောက်ထပ်ဆိုးရွားတဲ့ဒဏ်ရာပြဿနာတစ်ခုကို ရင်ဆိုင်လိုက်ရတာဖြစ်ပြီး ရာသီလက်ကျန်ပွဲစဉ်တွေမှာတော့ အီကီတီကီရဲ့နေရာကို အီဆက်ခ်နဲ့ အစားထိုးသွားရဖို့ ရှိနေပါတယ်။
လတ်တလောမှာတော့ လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာရှိ အက်စတွန်ဗီလာနဲ့ ၃ မှတ်အကွာ၊ အဆင့် ၆ နေရာရှိ ချဲလ်ဆီးထက် ၄ မှတ် အသာရနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ပေါင်သန်း ၄၀၀ ကျော် အသုံးပြုခဲ့တဲ့ ကလပ်အသင်းတစ်ခုအတွက် အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လီဗာပူးက လာမယ့်တနင်္ဂနွေနေ့မှာ အဲဗာတန်နဲ့ ရင်ဆိုင်သွားရပါမယ်။