
အပြောင်းအရွှေ့မပိတ်ခင် ကစားသမား ၂ ဦး ထပ်မံခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဝိန်းရွန်နီ
ဒီနွေရာသီမှာ ယူနိုက်တက်အသင်းက ပေါင်သန်း ၂၀၀ နီးပါး သုံးစွဲခဲ့ပြီး နည်းပြ အမ်မိုရင်ရဲ့ လူစာရင်းကို တိုးချဲ့တဲ့အနေနဲ့ ဘန်ဂျမင် ဆက်စ်ကို၊ မက်သီးယက်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘိုမိုတို့ကို ခေါ်ယူခဲ့ပါတယ်။ အာဆင်နယ်နဲ့ အဖွင့်ပွဲစဉ်မှာ ၁-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အသင်းရဲ့ ခြေစွမ်းတိုးတက်မှု လက္ခဏာတွေ ရှိနေခဲ့ပေမယ့် အရန်ဂိုးသမား အယ်လ်တေး ဘာယင်ဒီယာရဲ့ အမှားကနေ အာဆင်နယ်က အကျိုးအမြတ် ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အိုနာနာဟာ နည်းပြ အမ်မိုရင်ရဲ့ နံပါတ် ၁ ဂိုးသမားဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိတာက ဒဏ်ရာကြောင့်မဟုတ်ဘဲ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ နည်းပြက အတည်ပြုခဲ့ပါတယ်။
အိုနာနာကို သံသယရှိနေပုံရပြီး ဘာယင်ဒီယာက အသင်းကို စိတ်ပျက်အောင် လုပ်ခဲ့ပေမဲ့လည်း အမ်မိုရင်ကတော့ သူ့ရဲ့ ဂိုးသမားတွေနဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပြီး ဂိုးသမားသစ် ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမား ရွန်နီကတော့ အိုးထရက်ဖို့ဒ်က ဂိုးသမားအခြေအနေဟာ “ပြဿနာ” တစ်ခု ဖြစ်နေတယ်လို့ ယုံကြည်နေကာ ဒွန်နာရမ်မာကို ခေါ်ယူဖို့ ကြိုးစားခဲ့ခြင်းမရှိရင် “ရူးမိုက်ရာ ရောက်လိမ့်မယ်” လို့လည်း ပြောပါတယ်။
ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပဖလားရှင် ဒွန်နာရမ်မာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အံ့မခန်း လက်စွမ်းတွေ ပြသနိုင်ခဲ့ပေမဲ့ နည်းပြ လူးဝစ်အင်းနရစ်က အသင်းကနေ ဖယ်ထုတ်ခဲ့တဲ့အတွက် အသင်းသစ် ရှာဖွေနေပါတယ်။ “အက်ဒ်ဝင် ဗန်ဒါဆား ဝင်ရောက်လာပြီး အရာအားလုံးကို ထိန်းချုပ်ပေးခဲ့တဲ့အခါမှာတော့ နောက်ခံလူတွေက သူ့ကို ပိုပြီး ယုံကြည်ခဲ့ကြပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်”
“ဒီယူနိုက်တက်ကစားသမားတွေက သူတို့ရဲ့ နောက်ခံ ဂိုးသမားအပေါ် ယုံကြည်မှုမျိုး လိုချင်ကြပါတယ်။ လက်ရှိ ရှိနေတဲ့ ဂိုးသမားတွေနဲ့တော့ အဲ့ဒါမျိုးကို မမြင်ရပါဘူး” “ဒွန်နာရမ်မာက အသက် ၂၆ နှစ်ရှိပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ ယူနိုက်တက်သာ သူ့ကို ခေါ်ယူဖို့ မကြိုးစားဘူးဆိုရင် ရူးမိုက်ရာ ရောက်လိမ့်မယ်”
“ဒွန်နာရမ်မာလိုချင်တဲ့ လစာနဲ့ သဘောတူညီမှု ရနိုင်မလားဆိုတာကတော့ တခြားမေးခွန်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်ဆိုရင်တော့ သူ့ကို ခေါ်ယူဖို့ ကြိုးစားမှာပါ”
“အိုနာနာကလည်း အရမ်းကောင်းတဲ့ ဂိုးသမားပါ။ အင်တာမီလန်မှာ သူအရမ်းကောင်းတာကို ကျွန်တော် မြင်ခဲ့ပါတယ်။ ဒါကြောင့်သာ ဂိုးသမားအသစ် မခေါ်ဖြစ်ဘူးဆိုရင် အဲ့ဒီပုံစံမျိုးကို ပြန်ရလာဖို့ မျှော်လင့်ရပါလိမ့်မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ကျွန်တော်တို့အတွက် ယုံကြည်မှုရှိအောင် လုပ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး” လို့ ရွန်နီက ပြောပါတယ်။
ယူနိုက်တက်အသင်းက လက်ရှိမှာ ဂိုးသမားအသစ်ခေါ်ယူဖို့ အစီအစဉ်မရှိပေမဲ့ ကွင်းလယ်လူအသစ်တစ်ဦးကိုတော့ ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသထားပါတယ်။ ဘရိုက်တန်အသင်းရဲ့ ကားလို့စ် ဘာလီဘာကတော့ ထိပ်တန်းပစ်မှတ်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အဒမ် ဝါတန်နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကစားသမား ၂ ဦးစလုံးကို ခေါ်ယူဖို့ကလည်း ငွေကြေးအများကြီး ကုန်ကျနိုင်ပါတယ်။
အမ်မိုရင်သာဆိုရင် ကွင်းလယ်လူသစ်အတွက် “အရမ်းလိုချင်နေမလား” လို့ မေးတဲ့အခါမှာတော့ ရွန်နီက “ဟုတ်ကဲ့၊ လိုချင်နေမှာပါ။ ဒါပေမဲ့ ငွေကြေးစည်းမျဉ်းတွေရဲ့ အခြေအနေကိုတော့ ကျွန်တော်တို့ မသိပါဘူး” “ဒါပေမဲ့ ကွင်းလယ်လူတစ်ယောက်နဲ့ ဂိုးသမားတစ်ယောက်ကို ခေါ်ယူဖို့ကတော့ ဦးစားပေးကိစ္စဖြစ်ပါတယ်။ အပြောင်းအရွှေ့မပိတ်ခင် လုပ်နိုင်မယ်ဆိုရင် သူတို့က အဆင်ပြေတဲ့ နေရာမှာ ရှိနေပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့လည်း အားသာချက်များစွာ ရှိနေပြီး အမ်မိုရင်ရဲ့လက်အောက်မှာ အသင်းက “မှန်ကန်တဲ့ လမ်းကြောင်းပေါ်” ရောက်နေပြီလို့လည်း ရွန်နီက ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်အသင်းဟာ အဆင့် ၁၅ နဲ့သာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ဒီရာသီမှာ သိသိသာသာ တိုးတက်မှု မရှိရင်တော့ အမ်မိုရင်ရဲ့ နည်းပြရာထူးက အန္တရာယ်ရှိနေပါလိမ့်မယ်။
“ယူနိုက်တက်အသင်းအတွက် ပွဲတစ်ပွဲလုံးမှာ အားသာချက်တွေ အများကြီး ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားတွေက ရှုံးနိမ့်ခဲ့တဲ့အတွက် စိတ်ပျက်နေမှာပါ။ ဒါပေမဲ့ ပရိသတ်တွေအတွက်တော့ ယူစရာကောင်းတဲ့ အားသာချက်တွေ ရှိနေခဲ့ပါတယ်”
“အပြောင်းအရွှေ့ကာလတစ်ခုတည်းနဲ့ အရာအားလုံးက လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပိုပြီးအချိန်ယူရပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ ထင်ရပါတယ်” လို့ အသင်းခေါင်းဆောင်ဟောင်း ရွန်နီက ထပ်လောင်းပြောခဲ့ပါတယ်။
အမ်မိုရင်ရဲ့အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ဖို့ရှိနေပါတယ်။ ဖူလ်ဟမ်အသင်းကတော့ ဘရိုက်တန်နဲ့ အဖွင့်ပွဲစဉ်မှာ ရော်ဒရီဂို မူနိဇ်ရဲ့ သွင်းဂိုးကြောင့် ၁-၁ နဲ့ သရေကျခဲ့ပါတယ်။