စွဲချက် ၁၁၅ ခုအတွက် မန်စီးတီးအသင်း ပြစ်ဒဏ်လွတ်မြောက်ဖို့ မျှော်လင့်မိတယ်လို့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ် ပြောကြား
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအတွက် မန်စီးတီးမှာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် ထွက်ပေါ်လာပြီးနောက် ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ပရီးမီးယားလိဂ်ကလပ်အသင်းကို ထောက်ခံအားပေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာကြာ မရေမရာဖြစ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကိုယ်တိုင် မန်စီးတီးအပေါ်စွဲဆိုထားတဲ့ စွဲချက်အားလုံးအတွက် မန်စီးတီးမှာ အပြစ်ရှိတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
မန်စီးတီးက ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ကိုးနှစ်တာကာလအတွင်း သူတို့ရဲ့ဘောလုံးလုပ်ငန်းလည်ပတ်မှုလုပ်ငန်းစဉ်ဆီ ပေါင်တစ်ဘီလျံနီးပါး လျှို့ဝှက်ထည့်သွင်းနိုင်ဖို့အတွက် စီးပွားရေးမိတ်ဖက်တွေနဲ့ ဟန်ပြစာချုပ်တွေ ဖန်တီးကာ စည်းမျဉ်းချိုးဖောက်ခဲ့တယ်လို့ သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
မန်စီးတီးကတော့ စွဲချက်အားလုံးကို ဆက်လက်ငြင်းဆိုထားပြီး ဒီစီရင်ချက်အပေါ် အယူခံဝင်ထားပါတယ်။
စီရင်ချက်ထွက်ပေါ်လာခဲ့သလို အတိုင်းအတာပမာဏကြီးမားတဲ့ မသမာမှုတွေ ရှိနေခဲ့ပေမဲ့လည်း အစိုးရကျောထောက်နောက်ခံပြုကလပ်အသင်းအချင်းချင်းဖြစ်တဲ့ ပီအက်စ်ဂျီကို ကိုင်တွယ်နေရတဲ့ အင်းနရစ်ကတော့ မန်စီးတီးကို ဘယ်လိုပြစ်ဒဏ်မျိုးမှ မကျခံစေရဘဲ ကွင်းလုံးကျွတ်လွတ်မြောက်လာဖို့ မျှော်လင့်နေပါတယ်။
ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံရမယ့် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အင်းနရစ်က "မန်စီးတီးရဲ့ဝန်းကျင်မှာ ဆူညံသံတွေ အများကြီးရှိနေသလို အသင်းကြီးတွေရဲ့ဝန်းကျင်မှာလည်း ဆူညံသံဆိုတာ အမြဲ ရှိနေတတ်ပါတယ်"
"နောက်ဆုံးဆုံးဖြတ်ချက် ဘာဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရုံပဲ ရှိပါတယ်။ မန်စီးတီးအတွက် အရာအားလုံး အဆင်ပြေသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကွင်းထဲမှာ သူတို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေက မယုံနိုင်စရာ ကောင်းခဲ့ပြီး သူတို့ရယူခဲ့တဲ့ ဆုဖလားအားလုံးကိုလည်း ကွင်းထဲမှာ ရယူဖို့အတွက် သေချာပေါက်ထိုက်တန်ခဲ့လို့ပါပဲ"
"အခုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘယ်လိုဆုံးဖြတ်မလဲ သို့မဟုတ် တရားသူကြီးတွေ ဘာပြောမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်"
"ဒါကို ပထမဆုံး စတင်ကြားသိရချိန် အံ့အားသင့်စရာ ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့တွေကိုယ်တိုင် လုပ်ငန်းစဉ်အပေါ် လေးစားဖို့နဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ လိုအပ်ပါတယ်"
"ဒီဆုံးဖြတ်ချက်တွေချမှတ်ဖို့ဆိုတာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့တာဝန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးသက်သက်အကြောင်းကိုပဲ ပြောရရင်တော့ သူတို့က အဲဒီဆုဖလားတွေနဲ့ ထိုက်တန်ခဲ့ပါတယ်။ သူတို့ရဲ့ဘောလုံးကစားဟန်ကို ကျွန်တော် သဘောကျပါတယ်။ အဲဒီထက်ကျော်လွန်တဲ့အပိုင်းမှာတော့ ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်"
"ကွင်းထဲမှာ ခင်ဗျားတို့အနိုင်ယူခဲ့တဲ့ ဆုဖလားတွေဆိုတာ ကွင်းထဲမှာပဲ ကျန်ရစ်နေခဲ့တာပါ။ သူတို့က အဲဒါကို အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ပြစ်ဒဏ်မှ သူတို့ လွတ်မြောက်နိုင်ဖို့ကိုလည်း ကျွန်တော် မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်" လို့ ဆိုပါတယ်။