အမှားအယွင်းတွေ ကြီးကြီးမားမား ကျူးလွန်ခဲ့ပေမဲ့ ဒွန်နာရမ်မာနဲ့ ဂူဟီအပေါ် သံသယ လုံး၀မရှိဘူးလို့ မာရက်စ်ကာ ပြောကြား
ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မန်စီးတီးကြယ်ပွင့် ဒွန်နာရမ်မာနဲ့ ဂူဟီတို့ကို နည်းပြမာရက်စ်ကာက ကာကွယ်ပြောဆိုလိုက်ပါတယ်။
ဒီည၊ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်ဖလားပွဲစဉ်အတွက် သူတို့နှစ်ဦးကို အနားပေးသွားဖို့ရှိပြီး ဒွန်နာရမ်မာရဲ့နေရာမှာ ဂျီရိုနီမိုရူလီက ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်လာပါလိမ့်မယ်။
ဗီလာပတ်ခ်ကွင်းမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို လက်လွှတ်ခဲ့ရတဲ့ မန်စီးတီးအတွက် နီကိုလပ်စ်ဂျက်ဆန်ရဲ့ အဖွင့်ဂိုးမတိုင်ခင် ကစားကွက်တည်ဆောက်ပုံမှာ ဂူဟီရဲ့အမှားအယွင်း ပါဝင်ခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ ဟာလန်းရဲ့ချေပဂိုးကြောင့် မန်စီးတီးတို့ ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပေမဲ့ ဒွန်နာရမ်မာရဲ့အားနည်းလှတဲ့ကာကွယ်မှုမှတဆင့် ဂျက်ဆန်က အိမ်ရှင်အူနိုင်းအမ်မရီရဲ့အသင်းအတွက် နောက်ထပ်အနိုင်ဂိုးသွင်းယူကာ အဖိုးတန်သုံးမှတ်အပြည့် ရယူပေးခဲ့ပါတယ်။
မာရက်စ်ကာက "ကစားသမားတစ်ဦး ဒါမှမဟုတ် နည်းပြတစ်ဦးအတွက် ရလဒ်တွေ ဆိုးရွားနေချိန် သို့မဟုတ် အမှားအယွင်းတစ်ခု ကျူးလွန်မိလိုက်ချိန် ဝေဖန်ခံရတယ်ဆိုတာ သဘာ၀ပါပဲ"
"ဒွန်နာရမ်မာဆိုတာလည်း ဘောလုံးရာသီစတင်ချိန်ကတည်းက အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တယ်လို့ ထင်ပါတယ်။ ဒါက ဘောလုံးရာသီရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့တွေ ပွဲစဉ်အများကြီးကစားနေရလို့ တခါတလေ အမှားမလုပ်မိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"သူက တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အမှားလုပ်မိတဲ့အခါ ဒါက အမှားတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ဘက်က လာပြောပြနေဖို့တောင် မလိုပါဘူး။ သူ ဒါကို သိနားလည်ပြီးသားဖြစ်သလို ဒါလည်း ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ"
"ဂူဟီနဲ့ပတ်သက်လို့လည်း သူ့ရဲ့တုံ့ပြန်ပုံ အံ့သြဖွယ်ကောင်းလွန်းလို့ ကျွန်တော် အပြည့်အဝ ကျေနပ်မိပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင်တွေထဲမှာလည်း ပါဝင်ပါတယ်။ သူက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျွန်တော် ဂူဟီကို သဘောကျပါတယ်" လို့ ဆိုပါတယ်။