လီဗာပူးနဲ့ပွဲစဉ်မတိုင်ခင် ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ အက်စတွန်ဗီလာ
ဒီည၊ ဗီလာပတ်ခ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အက်စတွန်ဗီလာအသင်းက ကွင်းလယ်ကစားသမားအိုနာနာကို လက်လွှတ်သွားရပါလိမ့်မယ်။
ဒီကွင်းလယ်လူက နော်တင်ဟမ်ဖောရက်စ်နဲ့ကစားခဲ့တဲ့ ယူအီးအက်ဖ်အေယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းနဲ့ဝေးကွားနေခဲ့ပါတယ်။ သူက တော့တင်ဟမ်နဲ့ပွဲစဉ်၊ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်၊ ဘန်လေနဲ့ပွဲစဉ်တို့ကို လွဲချော်ခဲ့ပါတယ်။
အိုနာနာက အလိုင်ဆန်၊ ကာလရှည်ဒဏ်ရာရနေတဲ့ ကာမာရာတို့နဲ့အတူ ဒဏ်ရာရကစားသမားစာရင်းမှာ ပါဝင်နေပြီး အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီကိုယ်တိုင်လည်း ကြာသပတေးနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့အခြေအနေကို အခုလိုပဲ အသိပေးခဲ့ပါတယ်။
"အရင်အတိုင်းပဲ ဒဏ်ရာရနေတဲ့ကစားသမားတွေ မပါနိုင်သေးပါဘူး။ မနက်ဖြန်ပွဲစဉ်မှာ အိုနာနာ မပါနိုင်သလို အလိုင်ဆန်နဲ့ ကာမာရာတို့လည်း မပါနိုင်ပါဘူး။ ဒါပေမဲ့ တခြားကစားသမားတွေကတော့ မနက်ဖြန်ပွဲစဉ်အတွက် အဆင်သင့် ဖြစ်နေကြပါပြီ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။