အခုရာသီ၊ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားသုံးဦးရွေးချယ်ရာမှာ ဟာလန်းကို ဖယ်ထုတ်ခဲ့တဲ့ ရွန်းနီ
ဝိန်းရွန်းနီက အခုဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားသုံးဦးရွေးချယ်ရာမှာ ၁၄ ဂိုးသွင်းယူနိုင်ထားတဲ့ ဟာလန်းကို အံ့အားသင့်ဖွယ်ဖယ်ထုတ်ခဲ့ပြီး အာဆင်နယ်ကြယ်ပွင့်ယော်ကရက်စ်ကိုတော့ သူ့ရဲ့စိတ်ကြိုက်စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အတွက် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ရွန်းနီက သူ့ရဲ့တောက်ပနေတဲ့ ဘောလုံးဝေဖန်သုံးသပ်သူဘဝကြောင့် အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အနီးကပ်စောင့်ကြည့်နေပါတယ်။
အခုရာသီအစောပိုင်းသုံးလတာကာလကို ဖြတ်သန်းပြီးနောက် ဟာလန်းက အင်္ဂလန်ထိပ်တိန်းလိဂ်ရဲ့ရွှေဖိနပ်ဆုရှင်ပြိုင်ပွဲကို ဦးဆောင်နေပေမယ့် ရွန်းနီကတော့ သူ့ရဲ့အကောင်းဆုံးကစားသမားသုံးဦးစာရင်းမှာ နောက်ထပ်စကင်ဒီနေဗီးယန်းတိုက်စစ်မှူးတစ်ဦးကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုနွေရာသီ၊ ပေါင် ၆၄ သန်းဖြင့် အာဆင်နယ်ဆီရောက်ရှိလာတဲ့ ဆွီဒင်တိုက်စစ်မှူးယော်ကရက်စ်က ပရီးမီးယားလိဂ်မှာ လေးဂိုးသာသွင်းယူထားနိုင်ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ရွန်းနီကိုယ်တိုင် အထင်ကြီးနေခဲ့ပါတယ်။
ဂန်းနားကြယ်ပွင့်ထက် ဂိုးပိုမိုသွင်းယူထားသူ ခြောက်ဦးရှိပေမယ့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းကတော့ သူ့စိတ်ကြိုက်ကစားသမားသုံးဦးစာရင်းမှာ ယော်ကရက်စ်ကို တတိယနေရာပေးဖို့ မတုံ့ဆိုင်းခဲ့ပါဘူး။ ရွန်နီက “ ကျွန်တော့်ရဲ့ရွေးချယ်မှုမှာ တတိယနေရာအတွက်ဆိုရင် ယော်ကရက်စ်ပဲဖြစ်မယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အထောင်တိုက်စစ်မှူးနေရာအတွက် အာဆင်နယ်အသိုင်းအဝိုင်းအကြားမှာ ပူဆွေးသောကများခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ သူရောက်ရှိလာပြီး သူရဲ့ကြိုးစားအားထုတ်မှု၊ သူ့ရဲ့စိတ်ပိုင်းဖြတ်မှုအပြင် ဟန်ချက်ညီမှုရှိတဲ့ကစားပုံကြောင့် ဂိုးအနည်းငယ်သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဘုန်းမောက်ရဲ့ဆီမန်ညိုနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအမ်ဘွေမိုတို့ကို စိတ်ကြိုက်ကစားသမားတွေအဖြစ် ရွန်းနီက ရွေးချယ်ခဲ့ပါတယ်။ ရွန်းနီက “ ဆီမန်ညိုပါ။ သူက ဘုန်းမောက်အတွက် အလွန်ခြေစွမ်းပြနေတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ သူ့ရဲ့ပုံစံကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ ဒီနေရာမှာ အမ်ဘွေမိုကိုလည်း ထည့်သွင်းချင်ပါတယ်။ အသင်းအတွက် ခက်ခဲတဲ့ရာသီသစ်စတင်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာ သူ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အမ်ဘွေမိုက အိုးထရက်ဖို့ဒ်ကလပ်အသင်းအတွက် ပရီးမီးယားလိဂ် ၁၁ ပွဲကစား၊ ငါးဂိုးသွင်းယူထားပြီး ကင်မရွန်းသားအထိုင်ကျလာမှုနဲ့အတူ မန်ချက်စတာယူနိုက်တက်လည်း ငါးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့ပါတယ်။ အလားတူ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးနဲ့ တော့တင်ဟမ်တို့ရဲ့ရေဒါစက်ဝန်းထဲမှာ ရောက်ရှိလာတဲ့ တောင်ပံတိုက်စစ်ကစားသမား ဆီမန်ညိုက အခုရာသီ၊ ဘုန်းမောက်အတွက် ခြောက်ဂိုးအထိ သွင်းယူပေးထားပါတယ်။