The network connection is lost.

Banner Image

ဂရိနိုင်ငံမှာ ဖမ်းဆီးခံရစဉ်က ရန်ဖြစ်ခဲ့တဲ့အမှုကို ဖျောက်ပစ်ဖို့အတွက် ပေါင် ၄၃,၀၀၀ လာဘ်ထိုးဖို့ ကမ်းလှမ်းချက်ကို မက်ဂွါရီ ငြင်းဆန်ခဲ့

မန်ချက်စတာယူနိုက်တက် နောက်ခံလူ မက်ဂွါရီဟာ သူရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအမှုတွဲကို အဆုံးသတ်ဖို့အတွက် လာဘ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဂရိနိုင်ငံမှာ ပြန်လည်စစ်ဆေးခဲ့တဲ့ အမှုမှာ မက်ဂွါရီကို အရင်ဆုံးဖြတ်ချက်အတိုင်း အပြစ်ရှိကြောင်း အတည်ပြုခဲ့ပြီး ထောင်ဒဏ် ၁၅ လ (ဆိုင်းငံ့) ချမှတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လတုန်းက သူရဲ့မိသားစုနဲ့အတူ အားလပ်ရက်ခရီးထွက်စဉ်မှာ ဖြစ်ပွားခဲ့တဲ့ မပြင်းထန်တဲ့ ကိုယ်ထိလက်ရောက်မှု၊ ဖမ်းဆီးမှုကို ခုခံမှုနဲ့ လာဘ်ထိုးဖို့ ကြိုးစားမှုတွေအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

ဗြိတိန်နောက်ခံလူ မက်ဂွါရီကတော့ သူဟာ အပြစ်မရှိကြောင်း အမြဲတမ်း ပြောဆိုခဲ့ပြီး လာမယ့်သီတင်းပတ်တွေအတွင်းမှာ ဂရိတရားရုံးချုပ်ကို အယူခံဝင်သွားဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီစီရင်ချက်အပေါ် လူအများက တုံ့ပြန်နေကြချိန်မှာပဲ၊ အင်္ဂလန်ကြယ်ပွင့် မက်ဂွါရီဟာ အဲဒီရန်ပွဲအမှုကို "ပျောက်ကွယ်သွားစေဖို့" အတွက် ဂရိအရာရှိတွေကို ပေါင် ၄၃,၅၀၀ လာဘ်ထိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ မက်ဂွါရီဟာ သူ့ရဲ့နာမည်ဂုဏ်သတင်းကို အစွန်းအထင်းမရှိအောင် ရှင်းလင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး အမှုကို ဖျောက်ပစ်ဖို့အတွက် ငွေပေးမှာမဟုတ်ဘူးလို့ အဆိုပါသတင်းမှာ ပါရှိပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ မက်ဂွါရီဟာ လာဘ်ထိုးတာထက်စာရင် အပြစ်ရှိတယ်လို့ အဆုံးအဖြတ်ခံယူဖို့ကိုပဲ ရွေးချယ်မှာဖြစ်ပြီး တစ်ပြားတစ်ချပ်မှလည်း ပေးဖို့အစီအစဉ်မရှိဘူးလို့ အဲဒီသတင်းစာကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ရုပ်ရှင်တစ်ခု ရိုက်ကူးသွားမယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ အဲဒီတုန်းက မက်ဂွါရီရဲ့ ညီမဖြစ်သူ ဒေစီကို အမျိုးသားနှစ်ဦးက အမည်မသိဆေးတစ်မျိုးနဲ့ ထိုးခဲ့တာကြောင့် သူမ သတိလစ်သွားခဲ့ရတာဖြစ်တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။