The network connection is lost.

Banner Image

ပရီးမီးယားလိဂ်စတားမဖြစ်ခင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စွန့်ခွာလုနီးပါး ဖြစ်ခဲ့ဖူးတဲ့ ဆီမန်ညိုရဲ့ကစားသမားဘဝဖြတ်သန်းရာ

အခုအချိန်မှာ ဆီမန်ညိုက ပရီးမီယားလိဂ်ချန်ပီယံဆုရဲ့လားရာကို ဆုံးဖြတ်ပေးနိုင်သူတစ်ဦး ဖြစ်လာနိုင်ပါတယ်။ဂါနာတိုက်စစ်မှူးက ဒီနှစ်၊ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘုန်းမောက်မှ မန်စီးတီးဆီ ပေါင် ၆၅ သန်းတန်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာပါတယ်။

အခုအချိန်မှာ ဆီမန်ညိုက အင်္ဂလန်ဘောလုံးလောကရဲ့အထွဋ်အထိပ်ဆီ ရောက်ရှိနေပေမယ့် လွန်ခဲ့တဲ့ဆယ်နှစ်တာကာလတုန်းကတော့ ဘောလုံးလောကမှအနားယူဖို့အထိ အဆင်သင့်ဖြစ်နေခဲ့ဖူးပါတယ်။ သူက အသက်-၁၅ နှစ်အရွယ်မှာ ခြေစွမ်းပိုင်းစစ်ဆေးအကဲဖြတ်မှုတစ်ခုခံယူခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ရဲ့ငြင်းပယ်မှုနဲ့ ကြုံတွေ့ဖူးပါတယ်။

ဒါက ဆီမန်ညိုကို မျက်ရည်ကျစေတဲ့ ငြင်းပယ်ခံရမှုတွေအနက် နောက်ဆုံးတစ်ခုဖြစ်သလို ကာယကံရှင်ကိုယ်တိုင်လည်း သူငယ်ချင်းတွေနဲ့အတူဘတ်စကတ်ဘောကစားနိုင်ရေးအာရုံစိုက်ဖို့အထိ ဖြစ်လာစေပါတယ်။အဲ့ဒီကာလမတိုင်ခင် အာဆင်နယ်၊ ချာလ်တန်၊ ချဲလ်ဆီး၊ ဖူလ်ဟမ်၊ မီလ်ဝေါနဲ့ တော့တင်ဟမ်တို့က ဆီမန်ညိုကို အမိအရခေါ်ယူနိုင်မယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့ကြပါတယ်။

အသက်-၂၅ နှစ်အရွယ်ရောက်ရှိလာချိန်မှာတော့ ဆီမန်ညိုက သူ့ကိုယ်သူရှာဖွေတွေ့ရှိခဲ့ပြီး အသိအမှတ်ပြုရမယ့်အဆင့်အထိ စွမ်းဆောင်ပြထားပါတယ်။ ဆီမန်ညိုက ဘောလုံးရာသီသစ်တစ်ခုစတင်ချိန်တိုင်း သူ့ရဲ့ရည်မှန်းချက်ကို ဂျာနယ်တစ်ခုမှာ ရေးမှတ်ထားပြီး ဒီရည်မှန်းချက်တွေအနက် တစ်ခုတော့ ပြည့်မြောက်ခါနီးပါပြီ။ ဂါနာကြယ်ပွင့်က အခုဘောလုံးရာသီမှာ ဂဏန်းနှစ်လုံးပမာဏအထိ ဂိုးသွင်းယူချင်ပြီး အခုရာသီ၊ ၁၉ ပွဲကစားပြီးချိန် ကိုးဂိုးအထိ သွင်းယူထားပါတယ်။

ဒါကြောင့် ဒီတိုက်စစ်မှူးနားမှာ ကလပ်အသင်းကြီးတွေ ဝိုင်းဝိုင်းလည်နေတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးကသာ ဆီမန်ညိုရဲ့ပေါင် ၆၅ သန်းတန်စာချုပ်ဖျက်သိမ်းကြေးကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ကစားသမားကို အမိအရခေါ်ယူခဲ့ပါတယ်။

အခုလို ဆီမန်ညိုရဲ့ပုံစံကောင်းပြသနေမှုက ကြိုးစားအားထုတ်မှုတွေနဲ့ပြည့်နှက်နေတဲ့ နွေရာသီကာလတစ်ခုရဲ့ နောက်ကွယ်မှတဆင့် ပေါ်ပေါက်လာခဲ့တာပါ။ ဆီမန်ညိုက Instagram မှတဆင့် တစ်ဦးချင်းကျွမ်းကျင်မှုနည်းပြဆာအူလ်အီဆက်ခ်ဆန်ဟတ်နဲ့ အဆက်အသွယ်ရရှိပြီးနောက် တစ်ဦးချင်းစွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

အီဆက်ခ်ဆန်ဟတ်မှာ အာဆင်နယ်တောင်ပံကစားသမားမာဒူကီအပါအဝင် ဖောက်သည်အများအပြား ရှိပေမယ့် လေ့ကျင့်ရေးအစီအစဉ်အနည်းငယ်အပြီးမှာပဲ ဆီမန်ညိုရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။ အီဆက်ခ်ဆန်ဟတ်က “ ကျွန်တော်က ဆီမန်ညိုကို ‘မင်းဟာ ချန်ပီယံလိဂ်မှာကစားနိုင်တဲ့အဆင့်အတန်းရှိသူ ဖြစ်တယ်။ ချန်ပီယံလိဂ်မှာပဲ ကစားသင့်တယ်’ဆိုပြီး ပြောခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကျွန်တော်တို့နှစ်ဦးအကြား ဆွေးနွေးမှုရှိခဲ့ပြီး အရင်ဦးဆုံး ဘုန်းမောက်မှာ ခြေစွမ်းပြနိုင်ဖို့ အလုပ်ကြိုးစားသွားရမယ်လို့ အကြံပေးခဲ့ပါတယ်။ ပြီးရင် ဆန္ဒတွေ အလိုလိုပြည့်သွားပါလိမ့်မယ်။ သူက ကမ္ဘာပေါ်မှာရှိတဲ့ဘယ်အသင်းအတွက်မဆို ကစားပေးနိုင်စွမ်းရှိပါတယ်။ သူက ပိုပြီးတိုးတက်လာတာမှန်ပေမယ့် အထွဋ်အထိပ်ဆီ မရောက်သေးပါဘူး”လို့ ပြောပါတယ်။

အီဆက်ခ်ဆန်ဟတ်နဲ့ ဆီမန်ညိုတို့က အခုဘောလုံးရာသီတလျှောက်လုံး နီးကပ်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ပါတယ်။ တစ်ဦးချင်းလေ့ကျင့်မှုတွေအတွက် အချိန်အကန့်အသတ်ရှိပေမယ့် အီဆက်ခ်ဆန်ဟတ်က ဆီမန်ညိုရဲ့ပွဲစဉ်တွေကို ကြည့်ရှုပြီး လေ့လာနိုင်မယ့် ရုပ်သံမှတ်တမ်းတွေ ပေးပို့ခဲ့ပါတယ်။အခုဘောလုံးရာသီ၊ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ဆီမန်ညိုသွင်းယူခဲ့တဲ့အဖွင့်ဂိုးကို ကစားသမားကိုယ်တိုင်ရော၊ အီဆက်ခ်ဆန်ဟတ်ပါ သဘောကျခဲ့ကြပါတယ်။ သူတို့နှစ်ဦးလုံးက အခုလိုလှပတဲ့အဆုံးသတ်ကန်ချက်တွေ ဖြစ်မြောက်လာဖို့ တိတိကျကျကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

အီဆက်ခ်ဆန်ဟတ်ကိုယ်တိုင်လည်း အခုလိုသွင်းဂိုးမျိုးဆိုတာ ဆီမန်ညိုရဲ့ထူးခြားတဲ့အရည်အသွေးကို ပေါ်လွင်စေတယ်လို့ ယုံကြည်နေပါတယ်။
တိုက်စစ်မှူးက မြင့်မားတဲ့နည်းစနစ်အရည်အသွေးတစ်ခုမှာ မြန်နှုန်းနဲ့ ခွန်အားကို ပေါင်းစပ်ရောနှောနိုင်ပါတယ်။ အီဆက်ခ်ဆန်ဟတ်က “ သူက လေ့ကျင့်ရေးမှာလိုပဲ ကွင်းတွင်းမှာလည်း အံ့သြစရာကစားသမားတစ်ဦး ဖြစ်ပါတယ်။ တကယ့်ကိုအံ့မခန်းပါပဲ။ ပေါက်ကွဲအားကောင်းပြီး တက်ကြွသလို ဘောလုံးနဲ့အတူ ဘာမဆိုလုပ်နိုင်စွမ်းရှိပါတယ်”လို့ ပြောပါတယ်။

ဆီမန်ညိုက သူ့ရဲ့ဖခင်လာရီလိုပဲ ခြေနှစ်ဖက်လုံးသန်သူဖြစ်ပြီး ဂါနာမှာဘောလုံးကစားခဲ့ဖူးတဲ့ လာရီကိုယ်တိုင်လည်း သူ့ရဲ့သားကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။ လာရီက ဆီမန်ညိုကို ကလေးဘဝကတည်းကပင် နေအိမ်တဝိုက်၊ ပစ္စည်းတွေကို ကန်ကျောက်နေဖို့ အားပေးလေ့ရှိပါတယ်။ ဒီအတွက် တစ်ခုတည်းသောစည်းမျဉ်းက လန်ဒန်ဖွားဆီမန်ညိုကိုယ်တိုင် ခြေနှစ်ဖက်လုံးအသုံးချရမှာပဲ ဖြစ်ပါတယ်။

ဒါက ဆီမန်ညိုကို တောင်လန်ဒန်ဒေသအတွင်း လူငယ်ကစားသမားတစ်ဦးအဖြစ် ထင်ရှားစေပေမယ့် ဘောလုံးအကယ်ဒမီတွေရဲ့ငြင်းဆန်မှုကြောင့် ယုံကြည်မှုတော့ ထိခိုက်ခဲ့ပါတယ်။ အဲ့ဒီနှစ်ကာလတွေအတွင်း ဆီမန်ညိုရဲ့ယုံကြည်မှု ယုတ်လျော့လာပြီး ကစားသမားဘဝခရီးလမ်း ပိုကြမ်းတမ်းလာခဲ့ပါတယ်။

အီဆက်ခ်ဆန်ဟတ်က “ ဒါကို စိတ်ပညာရှင်ဒေ့ဗ်ကောလင်းစ်က ‘အောင်မြင်မှုဆီရောက်ရှိစေမယ့် ဆူးခင်းလမ်း’လို့ ခေါ်ဆိုပါတယ်။ ထိပ်ဆုံးဆီရောက်ရှိဖို့ဆိုတာ တစ်လမ်းသွားမဟုတ်ပါဘူး။ ဆီမန်ညိုက အခုရောက်ရှိနေတဲ့နေရာဆီ တက်လှမ်းနိုင်ဖို့ အရမ်းကြိုးစားလာပြီးနောက် ခံနိုင်ရည်ရှိလာပါတယ်။ သူက အရာအားလုံးကို ပေါ့ပေါ့တန်တန်သဘောမထားပါဘူး”လို့ ပြောပါတယ်။

ဆီမန်ညိုရဲ့ကစားသမားဘဝအလှည့်အပြောင်းက အသက်-၁၆ နှစ်အရွယ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူက ဖောရက်စ်ဂရင်းရိုဗာစ်နဲ့ လိဒ်နည်းပြဟောင်း ဟော်ကာဒေး ကြီးမှူးကျင်းပတဲ့ ခြေစွမ်းစမ်းသပ်မှုအစီအစဉ်တစ်ခုဆီ သွားရောက်ခဲ့ပါတယ်။ ဟော်ကာဒေးက ဆီမန်ညိုကို ဆွီဒန်တောင်းဆီ ပြောင်းရွှေ့ဖို့ စည်းရုံးခဲ့ပြီး အဲ့ဒီမှာပဲ ကောလိပ်ပညာရေးသင်ကြားရင်း ဘောလုံးသမားကောင်းတစ်ဦးဖြစ်လာအောင် ကြိုးစားဖို့ လမ်းညွှန်ခဲ့ပါတယ်။

တစ်နှစ်အတွင်းမှာပဲ ဆီမန်ညိုကို ဘရစ္စတိုးအကယ်ဒမီက ခေါ်ယူသွားပါတယ်။
အဲ့ဒီအချိန်တုန်းက ဘရစ္စတိုးကလပ်အသင်းမှာရှိနေတဲ့ တိုက်စစ်မှူးနာကီဝဲလ်ကလည်း ဆီမန်ညိုကို ပုံသွင်းဖို့သာလိုအပ်တဲ့ အရည်အချင်းပြည့်ကျောက်ရိုင်းတစ်ပွင့်အဖြစ် မှတ်မိနေခဲ့ပါတယ်။

နာကီဝဲလ်က “ လူအများစုက ကျွန်တော့်ဆီ ဒီကောင်လေးဘယ်သူလဲ? လို့ မေးလေ့ရှိပါတယ်။ အဲ့ဒီတုန်းက ဆီမန်ညိုဆီမှာ တည်ငြိမ်မှု အနည်းငယ်အားနည်းပါတယ်။ လူငယ်အကယ်ဒမီအဆင့်ကို မဖြတ်သန်းခဲ့ရလို့ သူ့ကို ပုံမသွင်းခဲ့ရပါဘူး။ ဒါပေမဲ့ သူက မြန်ဆန်သန်မာပြီး ခြေနှစ်ဖက်လုံးကို ကောင်းကောင်းအသုံးချနိုင်ပါတယ်။ သူ့ရဲ့အဆုံးသတ်ပိုင်းကလည်း အံ့မခန်းပါပဲ။ ကျွန်တော်မြင်ဖူးသမျှ အဆုံးသတ်ပိုင်းအကောင်းဆုံးကစားသမား ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ပိုတိုးတက်လာဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေတဲ့ ဆီမန်ညိုက အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဇန်နဝါရီလမှာ မန်စီးတီးဆီ တိုက်စစ်မှူးပြောင်းရွှေ့နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ရှစ်နှစ်တာကာလတုန်းကတော့ တောင်ပိုင်းနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဘတ်ချ်စီးတီးဆီ ထွက်ခွာလာခဲ့ပါတယ်။ ဘတ်ချ်စီးတီးက အင်္ဂလန်ရဲ့ဆဋ္ဌမတန်းလိဂ်မှာ ပါဝင်ယှဉ်ပြိုင်နေပြီး ဆီမန်ညိုကိုယ်တိုင်လည်း Non-League ကလပ်အသင်းတစ်ခုမှာ ဘဝကို ဘယ်လိုစတင်ရမလဲဆိုတာ မသိခဲ့ပါဘူး။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက ဘတ်ချ်စီးတီးနည်းပြဖြစ်သူ ဂျယ်ရီဂီးလ်က ဆီမန်ညိုဆီမှာရှိနေတဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မြန်ဆန်ဆန်ပဲ ချေဖျက်ပေးခဲ့ပါတယ်။ ဂျယ်ရီဂီးလ်က “ အဲ့ဒီအချိန်မှာ ဆီမန်ညိုက အသက်-၁၈ နှစ်အရွယ်ကောင်လေးတစ်ဦးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ရှိနေပါပြီ။ ကျွန်တော်တို့က ဒေသတွင်းဒါဘီပွဲစဉ်တစ်ခုမှာ ဂလူဆက်စတာစီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဂလူဆက်စတာစီးတီးရဲ့ဗဟိုခံစစ်မှူးအဖြစ် ရိုဘီကွန်ဒီလည်း ပါဝင်လာပါတယ်။

ဘောလုံးက ဂိုးဧရိယာအတွင်းဆီရောက်ရှိလာချိန် ဆီမန်ညိုက ရိုဘီကွန်ဒီနဲ့ ဘော်ဒီယှဉ်တိုက်ပြီး ဘောလုံးလုယူကာ ဂိုးထောင့်ဆီ ကန်သွင်းယူခဲ့ပါတယ်။ အရပ် ၆ ပေ ၂ လက်မ အမြင့်ရှိ ဗဟိုခံစစ်မှူးတွေနဲ့ရင်ဆိုင်ရချိန် အခုလိုမျိုးလုပ်နိုင်တဲ့ အသက်-၁၈ နှစ်အရွယ်ကောင်လေးမျိုး မတွေ့ဖူးပါဘူး”လို့ ပြောပါတယ်။


ဂျယ်ရီဂီးလ်က ဆီမန်ညိုကို Non-League စိတ်ဓါတ်ပိုင်းပိုင်ဆိုင်ထားတဲ့ သင်ယူလိုစိတ်ပြင်းပြသူတစ်ဦးအဖြစ် ပုံဖော်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဆီမန်ညိုဟာ မန်စီးတီးကစားသမားတစ်ဦးဖြစ်လာမယ်ဆိုတဲ့အတွေးမျိုးကို မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် အရည်အသွေးတွေတော့ ပြည့်နှက်နေခဲ့ပါတယ်။ ဂျယ်ရီဂီးလ်က “ အဲ့ဒီအချိန်တုန်းက မကြာခင်မှာ ပက်ဂွါဒီယိုလာလက်အောက်ရောက်ရှိတော့မယ့် ကစားသမားတစ်ဦးကို သင်ကြားပေးနေတယ်လို့ ပြောလာမယ်ဆိုရင် ကျွန်တော်ဖြင့် ရယ်မိပါလိမ့်မယ်။

ပြီးရင် ဒါဘယ်လိုဖြစ်နိုင်မှာလဲ၊ တကယ်ကြီးလားလို့ ပြန်မေးမိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချက်ကပဲ ဘောလုံးရဲ့ချစ်စရာကောင်းပုံနဲ့ လူငယ်ကစားသမားလေးတွေအတွက် Non-League နဲ့ ပိရမစ်ပုံစံဘောလုံးလောကတည်ဆောက်ပုံတွေ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြသပေးနေပါတယ်”လို့ ပြောပါတယ်။

ဆီမန်ညိုက အခုအချိန်အထိ ဂျယ်ရီဂီးလ်နဲ့ အဆက်အသွယ်မပြတ်ရှိနေခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအစောပိုင်း၊ ဘုန်းမောက်ရဲ့ပွဲစဉ်တစ်ခုကို လာရောက်ကြည့်ရှုဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးရှိနေတဲ့ နောက်ထပ်လူတစ်ဦးကတော့ နယူးပို့စ်နည်းပြဟောင်း မိုက်ကယ်ဖလင်းပဲ ဖြစ်ပါတယ်။

ဆီမန်ညိုက ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ နယူးပို့စ်ဆီ အငှားဖြင့်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ ဖလင်းကတော့ သူ့အသင်းမှာ ဆီမန်ညိုကြာကြာရှိနေမှာမဟုတ်ဘူးဆိုတာ သိထားခဲ့ပါတယ်။ အက်ဖ်အေဖလားပွဲစဉ်တစ်ခုမှာ လက်စတာစီးတီးကို ဆီမန်ညို ဖြိုခွင်းပြီးနောက် ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုရှိလာလို့ ကစားသမားကို ဘရစ္စတိုးစီးတီး ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဖလင်းက “ လက်စတာနဲ့ပွဲစဉ်တလျှောက်လုံး ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အားလုံးမြင်တွေ့နိုင်ပါတယ်။ ပွဲချိန်တလျှောက်လုံး ဆီမန်ညိုရဲ့ခြေစွမ်းကို အားပါးတရခံစားမိခဲ့ပါတယ်။ နောက်တော့ ကျွန်တော်က သူ့ကို ပွဲပြီးအောင်ကစားပြီး ဒဏ်ရာရသွားစေချင်တယ်၊ ဒါမှ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားမှာလို့ နောက်ပြောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးနဲ့အပြောင်းအရွှေ့လက်တွေ့မဖြစ်ပေါ်လာခဲ့ဘဲ နယူးပို့စ်မှာ အဓိကကျတဲ့ကာလတစ်ခု ဖြတ်သန်းပြီးနောက် ဘရစ္စတိုးစီးတီးဆီ ဆီမန်ညို ပြန်လာခဲ့ပါတယ်။ ဒီမတိုင်ခင်ကာလတွေမှာ ဆီမန်ညိုက အထောင်တိုက်စစ်မှူး(သို့မဟုတ်)နောက်ချန်တိုက်စစ်မှူးတစ်ဦး အဖြစ်သာ ကစားခဲ့ပေမယ့် ဖလင်းကတော့ သူ့ကို တောင်ပံကစားသမားအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။

ဖလင်းက “ သူကိုယ်တိုင်အကောင်းဆုံးကစားနိုင်မယ့်နေရာကို လွယ်လွယ်ကူကူပဲ ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ရှေ့မှာ ကစားကွက်ကိုတည်ကစားမယ်ဆိုရင် ပိုကောင်းမယ်လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ကို တောင်ပံဆီ ထုတ်ပစ်ခဲ့တာပါ။ အဲ့ဒီအသက်အရွယ်မှာ သူ့ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှု တိုးတက်လာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးတော့ ရှိနေပြီးသားပါ။ သူက ခြေနှစ်ဖက်လုံးနဲ့ ဘောလုံးကောင်းကောင်းကစားနိုင်သလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်သန်မာလွန်းပါတယ်”လို့ ပြောပါတယ်။

ဖလင်းက ဆီမန်ညိုရဲ့ဘောလုံးထိန်းသိမ်းထားနိုင်မှုစွမ်းရည်ကြောင့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် လေ့ကျင့်ရေးမှာ မှတ်မိနေပုံကို ပြန်လည်ဖော်ကျူးခဲ့ပါတယ်။ ဒီတိုက်စစ်မှူးလေးကို ထိပ်တန်းအဆင့်အထိ အရောက်သွားနိုင်မယ့်သူလို့ ဖလင်းကိုယ်တိုင် ယုံကြည်ခဲ့ပြီး အဲ့ဒီလိုဖြစ်လာလို့ နည်းပြဟောင်းကိုယ်တိုင် ဝမ်းသာကျေနပ်နေပါတယ်။

ဖလင်းက “ ဆီမန်ညိုရဲ့မျက်နှာမှာ အမြဲတမ်းအပြုံးပန်းတွေ ဝေဆာနေပါတယ်။ သူ့ရဲ့အပြုံးပန်းနဲ့ အဝတ်လဲခန်းတစ်ခုလုံးကို လင်းလက်စေပါလိမ့်မယ်။
သူ့ရဲ့ကစားသမားဘဝခရီးလမ်းမှာ တစိတ်တပိုင်းအားဖြင့် ပါဝင်ရလို့ အံ့သြစရာကောင်းပါတယ်။ သူဘယ်လောက်ကောင်းကောင်းလုပ်ဆောင်ခဲ့သလဲဆိုတာ ကျွန်တော်ဖြင့် အံ့အားသင့်ဖို့တောင် မလိုတော့ပါဘူး”လို့ ပြောပါတယ်။

ဆီမန်ညိုရဲ့ကစားသမားဘဝခရီးလမ်းမှာ ပါဝင်ပတ်သက်သူအားလုံးကလည်း ဖလင်းနဲ့ ထပ်တူညီတဲ့ခံစားချက်မျိုး ရှိကြပါတယ်။ သူတို့အတွက် ဝမ်းနည်းစရာကောင်းတဲ့အချက်တစ်ခုကတော့ သူတို့အားပေးတဲ့ကလပ်အသင်းတွေနဲ့ ဆီမန်ညို မပူးပေါင်းနိုင်ခြင်း ဖြစ်ပါတယ်။ ဂျယ်ရီဂီးလ်က ဆီမန်ညိုကို လီဗာပူးဆီ ပြောင်းရွှေ့ဖို့ လိုလားခဲ့သလို နာကီဝဲလ်ကလည်း တိုက်စစ်မှူးကို မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။

နာကီဝဲလ်က “ ကျွန်တော်ကတော့ ဆီမန်ညိုကို အိုးထရက်ဖို့ဒ်ဆီ အရောက်သွားပြီး ယူနိုက်တက်အတွက် ကစားပေးစေချင်တာပါပဲ။ သူ့ကို နောက်ထပ်ထိပ်တန်းကလပ်အသင်းတစ်ခုခုမှာ မမြင်တွေ့ချင်ပါဘူး။ ဒါတော့ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချက်က ကျွန်တော့်တို့ကို ဒုက္ခပေးပါလိမ့်မယ်”လို့ ပြောပါတယ်။