The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်က သူ့ကို ရီးရဲလ်မက်ဒရစ်ထက် ပိုများတဲ့ လစာနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဂါရတ်ဘေးလ်က ဖွင့်ဟ

သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချနေရတဲ့ အချိန်တုန်းက ယူနိုက်တက်က ပိုများတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဂါရတ်ဘေးလ်က ပြောပြခဲ့တာပါ။

ချန်ပီယံလိဂ်ဖလား ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ တော့တင်ဟမ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၅.၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါဟာ ဒီဝေးလ်စ်သားကြီးအတွက် အောင်မြင်မှုတွေ အများကြီးရခဲ့တဲ့ ပြောင်းရွှေ့မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၁၂/၁၃ ဘောလုံးရာသီမှာ စပါးအတွက် ၄၄ ပွဲကစား၊ ၂၆ ဂိုး သွင်းယူပေးခဲ့ပြီးနောက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ယူနိုက်တက်အပါအဝင် ထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။

Stick to Football ဆိုတဲ့ ပေါ့တ်ကတ်စ်မှာ ပြောကြားချက်အရ အသက် ၃၆ နှစ်အရွယ် ဘေးလ်က ယူနိုက်တက်ဟာ သူ့ကို တစ်ပတ်လုပ်ခလစာ ပိုပေးခဲ့ပေမယ့် သူကတော့ စပိန်ကလပ်ဆီကိုပဲ သွားဖို့ စိတ်ဆုံးဖြတ်ထားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် ဒေးဗစ်မိုယက်စ် နဲ့ စကားပြောခဲ့ပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်က မက်ဒရစ်ဆီကိုပဲ ရောက်နေခဲ့တာပါ"

"ပြီးတော့ ဒန်နီယယ်လီဗိုင်းနဲ့လည်း လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက်တစ်ခု ရထားတာလည်း ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို ပြိုင်ဘက်အသင်းဆီ မရောင်းချင်ဘူးလေ တခြားအသင်းကို အင်အားမတောင့်တင်းစေချင်ဘူးပေါ့ဗျာ"

"ဒါကြောင့် စပိန်၊ အီတလီ၊ ဂျာမနီ ဒါမှမဟုတ် ဘယ်ကပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင် ကျွန်တော် သွားခွင့်ရှိတယ်၊ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်ပေါ့။ တကယ်လည်း မရခဲ့ဘူးလေ။ အဲ့ဒီတော့ သူက အရမ်းခက်ခဲအောင် လုပ်ခဲ့ပေမယ့် ကျွန်တော်တို့ကြားမှာ အဲ့ဒီလို လူကြီးလူကောင်းဆန်ဆန် သဘောတူညီချက် ရှိခဲ့ပါတယ်"

"ပြီးခဲ့တဲ့ ၁၂ နှစ်တာကို ပြန်ကြည့်ရင် ကျွန်တော် မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တယ်လို့ ထင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

"ယူနိုက်တက်နဲ့ လစာကိစ္စတွေအထိ ဆွေးနွေးတာမျိုး မလုပ်ခဲ့ပါဘူး၊ အဲ့ဒီအထိ မရောက်ခဲ့ပါဘူး။ သူတို့က ကျွန်တော့်ကို ဝယ်ဖို့အတွက် ပိုက်ဆံပိုပေးတဲ့အပြင် ကစားသမားတစ်ယောက်ပါ ထည့်ပေးခဲ့တာပါ၊ ဒါပေမဲ့ အဲ့ဒီကမ်းလှမ်းချက်က တကယ်တမ်း အလုပ်မဖြစ်ခဲ့ပါဘူး"

အဲ့ဒီတုန်းက ယူနိုက်တက်ရဲ့ တစ်ဦးတည်းသော ခေါ်ယူမှုကတော့ အဲဗာတန်ကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ မာရိုအန်ဖယ်လိုင်နီ ဖြစ်ပြီး သူကတော့ မျှော်လင့်ထားသလို ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။