အယ်လီဂရီဟာ ညံ့ဖျင်းတဲ့နည်းပြတစ်ယောက်မဟုတ်ကြောင်း ဘုန်းမောက်နောက်ခံလူ ဟီမင်းနက်စ် ရှင်းလင်းပြောကြား
ဘုန်းမောက်နောက်ခံလူ အဲလက်စ်ဟီမင်းနက်စ်က သူ့ရဲ့ အေစီမီလန်က နည်းပြဟောင်းဖြစ်သူ မက်စ်အယ်လီဂရီကို စုတ်ပြတ်သတ်နေတဲ့ နည်းပြ လို့ ပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းလိုက်ပါတယ်။
မနှစ်က မီလန်ကနေ ဘုန်းမောက်အသင်းဆီကို သူပြောင်းရွှေ့လာပြီးကတည်းက ဒီစကားကို ဟီမင်းနက်စ် ပြောခဲ့တာလို့ လူအများက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၂၀ အရွယ် ကစားသမားက Sky Italia ကို အခုလို ပြောကြားခဲ့ပါတယ်။ "အယ်လီဂရီက 'စုတ်ပြတ်သတ်နေတဲ့ နည်းပြ' လို့ ကျွန်တော် မထင်ပါဘူး၊ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ သမိုင်းကြောင်းတွေကပဲ ဒါကို သက်သေပြနေပါတယ်။"
"အဲ့ဒီတုန်းက ပွဲပြီးလို့ ပြန်လာတဲ့အချိန်မှာ ကျွန်တော် ကစားခွင့်မရခဲ့လို့ အရမ်း စိတ်တိုနေခဲ့မိပါတယ်။ အဲ့ဒီမှာ လူမှားပြီး စာအမှား ပို့မိသွားတာပါ။ ကျွန်တော် ရေးခဲ့တဲ့အရာတွေကို ကိုယ်တိုင်လည်း အမှန်လို့ မယူဆပါဘူး၊ ဒါကြောင့် အယ်လီဂရီကို ပထမဆုံးနေ့ကတည်းက တောင်းပန်ခဲ့ပါတယ်။"
"သူကလည်း ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေက ကျွန်တော့်ရဲ့ စိတ်အေးချမ်းမှုကို နှောင့်ယှက်ခဲ့သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းပေးဖို့ ကလပ်အသင်းကို ကျွန်တော်ကိုယ်တိုင်ပဲ တောင်းဆိုခဲ့တာပါ။ မီလန်က ကျွန်တော် အရမ်းချစ်တဲ့ အသင်းဖြစ်လို့ ကျွန်တော့်ရဲ့ စိတ်အခြေအနေ မကောင်းတာတွေကြောင့် အသင်းအပေါ်မှာ ထိခိုက်မှုတွေ မဖြစ်စေချင်ခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။