
The network connection is lost.

ရာသီအစ ရက်သတ္တပတ်တွေမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်မှာ နောက်ဆုံးဒဏ်ရာရရှိခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ စနေနေ့က အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဝမ်ဘစ်ဆာကာဟာ နောက်ကျမှ လူစားလဲဝင်ရောက်လာခဲ့ပြီး ဒဏ်ရာ ရရှိခဲ့တာကြောင့် ရက်သတ္တပတ်များစွာ အနားယူရတော့မယ်လို့ ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။
ကလပ်၏ထုတ်ပြန်ချက်တွင် "စနေနေ့က ဘရိုက်တန်နှင့်ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဝမ်ဘစ်ဆာကာက အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရတော့မှာ ဖြစ်ပါတယ်" "ညာနောက်ခံလူဟာ ယခုရက်သတ္တပတ်အတွင်း အဖျားဝေဒနာခံစားခဲ့ရပြီး ပွဲကစားချိန် ၈၅ မိနစ်မှာ အရန်ခုံကနေ လူစားဝင်ရောက်လာခဲ့ပါတယ်" "ဒဏ်ရာအခြေအနေကို သိရဖို့ နောက်ထပ်စစ်ဆေးမှုများလုပ်ဆောင်ရအုံးမှာဖြစ်သော်လည်း ကနဦး စမ်းသပ်ချက်များအရ ရက်သတ္တပတ်များစွာ အနားယူရမှာဖြစ်ပါတယ်"လို့ ပါရှိပါတယ်။
ယူနိုက်တက်ဟာ ရာသီအစ ရက်သတ္တပတ်များတွင် ဒဏ်ရာရ ကစားသမားများပြားနေပြီး အထူးသဖြင့် ခံစစ်ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ ဗာရာနီ၊ မာတီနက်ဇ်နှင့် မာလာစီယာတို့က ဝမ်ဘစ်ဆာကာ ဒဏ်ရာမရှိမီ အသီးသီးဒဏ်ရာပြဿနာကြုံခဲ့ရတာ ဖြစ်ပါတယ်။ အဖျားရောဂါကြောင့် အာဆင်နယ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လင်ဒီလော့ဖ်က မပါဝင်ခဲ့သလို အသစ်ခေါ်ယူထားတဲ့ မေဆင်မောင့်၊ ဟွိုက်လန်း နှင့် အမ်မရာဘတ်တို့ကလည်း အဲ့ဒီအချိန်တုန်းက မကစားနိုင်သေးတာဖြစ်ပါတယ်။
မောင့်ဟာ ဝုဗ်၊ တော့တင်ဟမ်တို့နှင့် အဖွင့်ပွဲ ၂ ပွဲကို ကစားခဲ့သော်လည်း နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့ရပြီး နောက်ကြောဒဏ်ရာကြောင့် ဟွိုက်လန်းရဲ့ ပွဲဦးထွက်ကလည်း နောက်ကျခဲ့ရပါတယ်။ ဒဏ်ရာရရှိကာ ဖီအိုရင်းတီးနားမှ ရောက်ရှိလာပြီးနောက် အမ်မရာဘတ်ကလည်း ပွဲထွက် မကစားရသေးတာဖြစ်ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်နှင့် လင်ဒီလော့ဖ်တို့က ဘရိုက်တန်နှင့်ပွဲမှာ ပါဝင်ခဲ့ပြီး ဟွိုက်လန်းကလည်း သူ့ရဲ့ ပွဲဦးထွက်မှာ ပွဲချိန်ပြည့် ကစားနိုင်ခဲ့ပါတယ်။
မောင့်နှင့် ဗာရာနီတို့ကလည်း ပါဝင်ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း ပွဲမစခင်မှာ နည်းပြ တန်ဟက်က ပြောကြားသွားခဲ့ပါတယ်။ "၂ ဦးစလုံးက ကောင်းမွန်နေပြီး မကြာခင် ပြန်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ညာတောင်ပံကစားသမားတွေဖြစ်တဲ့ အန်တိုနီနှင့် ဆန်ချိုတို့ကို လက်လွှတ်ထားရတဲ့ နည်းပြတန်ဟက်က ပြောပါတယ်။
ယူနိုက်တက်ဟာ ပုဂ္ဂိုလ်ရေးရာ ကိစ္စများကို ဖြေရှင်းဖို့အတွက် အန်တိုနီကို ခွင့်ပေးထားရသလို နည်းပြနှင့် ပြဿနာတက်ခဲ့တဲ့ ဆန်ချိုကလည်း တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရပါတယ်။