The network connection is lost.

Banner Image

အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူလိုပေမယ့် သဘောတူညီမှုတစ်ချို့ ပြုလုပ်သွားမယ့်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနားမှ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဆိုဖီယန်အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူလိုပေမယ့် သဘောတူညီမှုတစ်ချို့လည်း ပြုလုပ်လိုနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ အငှားစာချုပ်မှာ ပါဝင်ထားတဲ့ ကစားသမားကို အပြီးသတ်ခေါ်ယူခွင့်တန်ကြေး ပေါင် ၁၇ သန်းကိုတော့ ပေးချေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းနဲ့အတူ တောက်ပခဲ့တဲ့ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက အိုးလ်ထရက်ဖို့ဒ်သို့ တစ်ရာသီအငှားစာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အသက်-၂၇ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် သက်ရောက်မှုနည်းပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ကစားသမားဟာ အသင်းရဲ့ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမား မဟုတ်ခဲ့ပေမယ့် ရာသီကုန်ခါနီး ဘရိုက်တန်၊ နယူးကာဆယ်တို့နဲ့ပွဲစဉ်တွေမှာတော့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အမ်မရာဘတ်ဟာ ပွဲထွက်ပါဝင်ခဲ့ပြီး အသင်းရဲ့နောက်တန်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်ဟာ ကစားသမားကို အငှားနဲ့ခေါ်ယူတုန်းက စာချုပ်မှာပါဝင်လာတဲ့ အပြီးသတ်ဝယ်ယူခွင့်ကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့သိရပါတယ်။ သို့သော်လည်း ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ယူနိုက်တက်အနေနဲ့ သဘောတူညီချက်အချို့ ပြုလုပ်သွားလိုတယ်လို့ဆိုပါတယ်။

ယခုနွေရာသီမှာတော့ ယူနိုက်တက်ဟာ ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဘိုလော့ဂ်နာတိုက်စစ်မှူး ဂျိုရှူးဝါးဇာကီနဲ့ လိုင်လီနောက်ခံလူ လန်နီယိုရိုတို့ကို ခေါ်ယူထားနိုင်ပြီးဖြစ်ပါတယ်။ သို့သော်လည်း တန်ဟက်ရဲ့အသင်းဟာ ကွင်းလယ်လူတစ်ယောက်ကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပြီး နောက်တန်းကစားသမားတွေကိုလည်း ပစ်မှတ်ထားနေဆဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။ သို့သော်လည်း ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့အကြား ဆွေးနွေးမှုတွေကတော့ တိုးတက်မှုမရှိသေးတာကြောင့် ဥရုဂွေးသားရဲ့ အနာဂတ်မဟာ မရေရာတဲ့အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်လူတွေဖြစ်တဲ့ ကတ်စမဲရိုးက ရောင်းချခံရဖို့ အလားအလာများနေသလို၊ တိုမီနေးကလည်း ဖူဟ်ဟမ်နဲ့ တော့တင်ဟမ်တို့ရဲ့ ချိတ်ဆတ်မှုတွေကို ခံနေရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတဲ့ ခရစ်ရှင်အဲရစ်ဆင်ကလည်း တန်ဟက်လက်အောက်မှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်နေရာအတွက် ယူဂါတီအပြင် ရီးရဲလ်ဆိုစီဒက်နဲ့ စပိန်ကွင်းလယ်ကြယ်ပွင့် မာတင်ဇူဘီမန်ဒီကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။