ဒေါ်ဂူကို ဘယ်နောက်ခံလူနေရာအတွက် အဖြေတစ်ခု ဖြစ်လာလိမ့်မယ်လို့ မိုက်ကယ်ကာရစ် ယုံကြည်နေ
မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ပက်ထရစ်ဒေါ်ဂူကို အသင်းဘယ်နောက်ခံလူနေရာပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာနိုင်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ သရဲနီတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးမှာ လုခ်ရှော ပါဝင်ကစားပေးခဲ့ပြီး ဒါက အင်္ဂလန်နောက်ခံလူအတွက်၂၀၁၄ ခုနှစ်၊ အသင်းဆီရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ်ပွဲစဉ်ပြည့် ပါဝင်ကစားနိုင်ခြင်း ဖြစ်ပါတယ်။
လုခ်ရှောက ဒဏ်ရာပြဿနာတွေကို ဖြေရှင်းနိုင်ပုံရပေမဲ့ အိုးထရက်ဖို့ဒ်ဆီ ချန်ပီယံလိဂ်ညချမ်းတွေ ပြန်လည်ရောက်ရှိလာမှုနဲ့အတူ အခုနွေရာသီမှာ ဘယ်နောက်ခံလူနေရာအတွက် အင်အားဖြည့်တင်းဖို့ ပရိသတ်တွေကိုယ်တိုင် အသင်းဆီ တောင်းဆိုခဲ့ကြပါတယ်။
ယူနိုက်တက်က နယူးကာဆယ်ကြယ်ပွင့်လီဝစ်ဟောနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပေမဲ့ ဒီအပြောင်းအရွှေ့ မဖြစ်ပေါ်လာလို့ လုခ်ရှောသာ ကလပ်အသင်းရဲ့ ဦးစားပေးဘယ်နောက်ခံလူအဖြစ် ဆက်ရှိနေပါတယ်။
လာမယ့်တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့ပွဲစဉ်မတိုင်မီ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ကာရစ်က ဒေါ်ဂူကို ကလပ်အသင်းရဲ့ ဘယ်နောက်ခံလူနေရာပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
နည်းပြဟောင်းအာမိုရင်လက်ထက် ခေါ်ယူခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ကစားသမားက ပေါ်တူဂီလူမျိုးနည်းပြရဲ့ နာမည်ကြီး ၃-၄-၂-၁ ကစားကွက်မှာ ဘယ်တောင်ပံနောက်ခံလူ (left wingback)အဖြစ် ကစားဖို့အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။
ဘယ်နောက်ခံလူနေရာမှာ ဒေါ်ဂူကစားနိုင်မလားဆိုတဲ့မေးခွန်းအပေါ် ကာရစ်က "သူက ဒီနေရာမှာ သေချာပေါက် ကစားနိုင်စွမ်း ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"သံသယဖြစ်စရာမလိုအောင် အဲ့ဒီလိုပဲ ကစားခဲ့ဖူးပါတယ်။ သူမကစားနိုင်ဘူးလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိုရောက်လာချိန်ကတည်းက ကျွန်တော်တို့အသင်း ကစားခဲ့တဲ့ပုံစံကြောင့်သာ ဖြစ်ပါတယ်။
စိတ်မကောင်းစရာကတော့ ဒေါ်ဂူက ကာလအတော်ကြာ ဒဏ်ရာရရှိဖူးပါတယ်" လို့ ကာရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒါကြောင့် ကျွန်တော့်အတွက်တော့ သူက ကစားသမားသစ်တစ်ဦးလို ဖြစ်နေသလို အသင်းအတွက်လည်း အများကြီးအားဖြည့်ပေးနိုင်ခဲ့လို့ နည်းလမ်းအမျိုးမျိုးအရ ကစားသမားသစ်တစ်ဦးကို ခေါ်ယူလိုက်ရသလိုမျိုး ဖြစ်နေပါတယ်။
သူက ဒိန်းမတ်အသင်းအတွက် ညာတောင်ပံမှာ ကစားခဲ့ဖူးသလို ပြီးခဲ့တဲ့နွေရာသီမှာလည်း ညာတောင်ပံတိုက်စစ်မှူးနေရာကစားပြီး အံ့ဩစရာကောင်းတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူက ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်စွမ်း ရှိပါတယ်" လို့ ဆိုပါတယ်။