အသင်းအကြီးအကဲတွေကို ဝေဖန်ကာ စိတ်ခံစားမှု ပြင်းထန်နေခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်အတွက် ကာရစ် ကာကွယ်ပြောဆို
လတ်တလောကစားသမားသစ်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ကလပ်အသင်းထိပ်ပိုင်းအကြီးအကဲတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က သူ့ရဲ့ကစားသမားကို ကာကွယ်ပေးခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ စိတ်ပျက်ဖွယ်စတင်မှု ဆက်လက်ဖြစ်ပေါ်နေချိန် သရဲနီတွေက အင်္ဂါနေ့၊ မက်ထရိုပိုလီတာနိုကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို ၂-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၉ ပွဲကစားပြီးချိန် ၂ ပွဲသာ အနိုင်ရရှိပြီး နှစ် ၄၀ အတွင်း အသင်းရဲ့အဆိုးရွားဆုံးလိဂ်ပြိုင်ပွဲစတင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အကျိုးဆက်အဖြစ် ဥရောပထိပ်တန်းကလပ်အသင်းပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လပိုင်းအကြာမှာတင် ကာရစ်အတွက် ကြီးမားတဲ့ဖိအားတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ပြီးနောက် Amazon Prime နဲ့တွေ့ဆုံချိန် လီဆန်ဒရိုမာတီနက်ဇ်က သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပြီး ကလပ်အသင်းပြဿနာတွေအတွက် အသင်းအကြီးအကဲတွေနဲ့ ညံ့ဖျင်းတဲ့ကစားသမားခေါ်ယူမှုတွေကို အဓိကအပြစ်ပုံချခဲ့ပါတယ်။
အဲ့ဒီနောက် မကြာမီမှာပဲ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာတဲ့ ကာရစ်က ဒီမှတ်ချက်တွေကို သူမမြင်တွေ့၊ မကြားသိရသေးဘူးလို့ ဝန်ခံခဲ့ပေမဲ့ အာဂျင်တီးနားလက်ရွေးစင်ကိုတော့ မဖြစ်မနေ ကာကွယ်ပေးခဲ့ပါတယ်။
"ခံစားချက်တွေ အနည်းငယ် ရောပြွမ်းနေပါတယ်။ ဒီကွင်းက လာရောက်ကစားဖို့ အလွန် ခက်ခဲတဲ့နေရာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ စတင်ခဲ့ရတဲ့ ပွဲစဉ်အစပိုင်းအခြေအနေက ကျွန်တော်တို့ကို အခက်အခဲဆီ ထိုးချလိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ပွဲစဉ်ဆီ တဖြည်းဖြည်းပြန်လာနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။
"ဒုတိယပိုင်းမှာ တကယ့်ခြိမ်းခြောက်မှု မရှိခဲ့ပေမဲ့ ကျွန်တော်တို့ အနည်းငယ် ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့ အခွင့်အရေး ရရှိခဲ့ပြီး အဲဒီနောက်မှာတော့ ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်ခံစားရတဲ့ အနီကတ်ဖြစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်"
"ကျွန်တော်တို့ရရှိခဲ့တဲ့ အခွင့်အရေးတွေအတွက်ရော၊ ဒီထက်ပိုပြီး အခွင့်အရေးမဖန်တီးနိုင်ခြင်းအတွက် တကယ်ပဲ စိတ်ပျက်မိပါတယ်"
"ကျွန်တော်တို့ အနည်းငယ်ကွဲပြားတဲ့အရာတစ်ခုကို စမ်းသပ်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ ကျွန်တော်တို့ ကစားကွက်အပြောင်းအလဲ အလွန်အမင်းလုပ်မိခဲ့ပုံ ရပါတယ်။ အကြီးမားဆုံးအချက်ကတော့ ဒီပွဲမှာ ကျွန်တော်တို့အတွက် အခွင့်အရေး ရှိနေခဲ့တယ်ဆိုတာ ခံစားရလို့ အခုပွဲစဉ်အတွက် ဒီထက်ပိုပြီး ရရှိနိုင်ခဲ့တယ်၊ ရရှိခဲ့သင့်ပါတယ်"
"ကျွန်တော်တို့အတွက် နည်းလမ်းတစ်ခုခု သေချာပေါက်ရှာဖွေရပါမယ်။ ဒီညမှာတော့ သုံးသပ်ဖို့အတွက် သီးခြားပွဲစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါက ချန်ပီယံလိဂ်ဖြစ်သလို လာကစားဖို့ခက်ခဲတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတချို့လည်း ရှိပါတယ်" လို့ ဆက်ပြောပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ရဲ့မှတ်ချက်တွေနဲ့ပတ်သက်လို့ ကာရစ်က "ကျွန်တော် အဲဒါကို မတွေ့ရသေးပါဘူး။ တစ်ခုခုရယူဖို့အတွက် ရည်ရွယ်ထားခဲ့ကြလို့ ဒီလိုပွဲစဉ်မျိုးအပြီးမှာ ခင်ဗျားကိုယ်တိုင်လည်း စိတ်ပျက်ရသလို စိတ်ခံစားမှုလည်း ပြင်းထန်နေနိုင်ပါတယ်။ ကျွန်တော် မာတီနက်ဇ်ရဲ့မှတ်ချက်ကို မမြင်ရသေးလို့ အခုပြောဖို့ မသင့်သေးဘူးလို့ ထင်ပါတယ်"
"ကျွန်တော်တို့အားလုံး အသင်းကို ဂရုစိုက်ကြပြီး မတူညီတဲ့နည်းလမ်းတွေနဲ့ ဖော်ပြကြလေ့ ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အားလုံးအတူတကွ စည်းစည်းလုံးလုံးနဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားရပါမယ်" လို့ ဆိုပါတယ်။