ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲမှာ နောက်ထပ်ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တဲ့ မေဆင်မောင့်
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူမေဆင်မောင့်က ဥရောပချန်ပီယံပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒဏ်ရာထပ်မံရရှိသွားခဲ့လို့ ကွင်းတွင်းမှ စောစောစီးစီး ထွက်ခွာလာခဲ့ရပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက ၂၀၂၃ ခုနှစ်မှာ ငယ်ဘဝကလပ်ချဲလ်ဆီးမှ ပေါင် ၅၅ သန်းဝန်းကျင်ဖြင့် မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အသင်းသစ်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် အခုအချိန်အထိ ပြိုင်ပွဲစုံ ၇၂ ပွဲသာ ကစားထားနိုင်ပါတယ်။
မေဆင်မောင့်က နည်းပြကာရစ်လက်အောက်မှာ အခုဘောလုံးရာသီအကြို ခြေစမ်းပွဲစဉ် လေးပွဲကို ပါဝင်ကစားထားပြီး အသင်းအတွက်လည်း အလားအလာကောင်းတွေ ပြသနေပါတယ်။
ဒါပေမဲ့ စနေနေ့ညနေပိုင်း၊ ဂေါသမ်ဘာ့ဂ် (Gothenburg) မြို့မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာတော့ ပွဲချိန် မိနစ် ၂၀ မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး သူ့နေရာမှာ တိုင်လာဖလက်ချာ ဝင်ရောက်ကစားခဲ့ပါတယ်။
မေဆင်မောင့်ကိုယ်တိုင်လည်း ကွင်းတွင်းမှ အလျှင်အမြန်မထွက်ခွာနိုင်ဘဲ ကွင်းပြင်ပရောက်ရှိချိန် အသင်းဆေးအဖွဲ့နဲ့ စကားပြောဆိုနေတဲ့ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒဏ်ရာ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာ အခုအထိတော့ အသေအချာ မသိရသေးပါဘူး။
ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ ၁၄ သာ လိုအပ်တော့ချိန် မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေကို ယူနိုက်တက်ဆေးအဖွဲ့က အသေအချာပြန်လည်စစ်ဆေးသွားပါလိမ့်မယ်။