
အာဆင်နယ်နဲ့ပတ်သက်လို့ ထုတ်ဖော်ဝန်ခံမှုတစ်ခု ပြုလုပ်ခဲ့တဲ့ ဆိုဘိုဆလိုင်း
ဆိုဘိုဆလိုင်းက လီဗာပူးအသင်းအနေဖြင့် လက်စတာနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်ကိုသာ အဓိကအာရုံစိုက်ထားပြီး အာဆင်နယ်အသင်းအကြောင်းကို မစဉ်းစားထားဘူးလို့ ပြောခဲ့ပါတယ်။
ဒီည၊ ကင်းပါဝါကွင်းကြီးမှာ တန်းဆင်းဇုန်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ လက်စတာဆီ သွားရောက်ယှဉ်ပြိုင်ရမယ့် လီဗာပူးက နောက်ထပ်နှစ်ပွဲမျှအနိုင်ရရှိရုံဖြင့် သူတို့အတွက် အကြိမ် ၂၀ မြောက် အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ပါလိမ့်မယ်။
ဒါ့အပြင် အစောပိုင်းမှာယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်က အစ်ဆွစ်ချ်တောင်းကို ရှုံးနိမ့်ပြီး လီဗာပူးအသင်းအဝေးကွင်းနိုင်ပွဲရရှိမယ်ဆိုရင် အခုသီတင်းပတ်မှာတင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။ တဖက်မှာလည်း ကြိုးကြာနီတွေအတွက် နိုင်ပွဲတစ်ခုက ဗြိတိန်ကျွန်းစုအလယ်ပိုင်းဒေသအခြေစိုက် ကလပ်အသင်းအတွက် ချန်ပီယံရှစ်ဆီ တန်းဆင်းသွားစေဖို့ အတည်ပြုပေးနိုင်ပါလိမ့်မယ်။
အခုလိုအရေးကြီးလှတဲ့ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ခုမတိုင်ခင် ဆိုဘိုဆလိုင်းက ဂန်းနားတွေရဲ့ပွဲစဉ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မစဉ်းစားနိုင်ဘဲ ကိုယ့်ပွဲစဉ်ကိုသာ အာရုံစိုက်သွားဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဂေရီသားက ၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ဘောလုံးရာသီတလျှောက်လုံး တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်း ပြသနိုင်ဖို့ အကူအညီဖြစ်စေခဲ့တဲ့ အသင်းရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း စုစည်းညီညွှတ်မှုတစ်ခုအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အသက်-၂၄ နှစ်ကစားသမားက “ လူတိုင်းအတွက် အခိုက်အတန့်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် နိုင်ပွဲနှစ်ခုလိုအပ်နေပါသေးတယ်။ ဒါကြောင့် အာဆင်နယ်ဘာလုပ်မလဲဆိုတာ မတွေးထားဘဲ လက်စတာနဲ့ပွဲစဉ်ကို တည်ငြိမ်မှုအပြည့်အာရုံစိုက်သွားဖို့သာ အလွန်အရေးကြီးပါတယ်။ အခွင့်အရေးက ကိုယ့်လက်ထဲမှာ ရှိနေလို့ မိမိကိုယ်ကိုယ်ပဲ အာရုံစိုက်သွားရပါမယ်။ ကိုယ့်လက်ထဲမှာ ဒီအခွင့်အရေးရှိနေလို့လည်း ပျော်ရွှင်ကျေနပ်ရပါမယ်။ အခြားအသင်းတွေရဲ့ရလဒ်ကို အာရုံစိုက်နေဖို့ မလိုအပ်ပါဘူး။ မိနစ် ၉၀ ကြာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တိုင်းကို ကျွန်တော်တို့တွေ အာရုံစိုက်သွားရပါမယ်။
ရာသီတလျှောက်လုံး ကျွန်တော်တို့အပြင်းအထန်ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် အခုလိုရမှတ်မျိုးရရှိလာတာ ကောင်းပါတယ်။ ကစားသမားတွေမှအစ ဝန်ထမ်းတွေ၊ ပရိသတ်တွေ၊ မြို့ခံလူထုတွေအားလုံး တနည်းနည်းနဲ့ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ မယုံကြည်နိုင်စရာပါပဲ။ အတက်အကျတွေလည်း များခဲ့ပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ပါရီသားတွေနဲ့ရင်ဆိုင်ရချိန် ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ ကာရာဘောင်ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပြီး နယူးကာဆယ်ကို အရေးနိမ့်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာတော့ နှစ်ပွဲလောက်ပဲ အနိုင်ရရှိဖို့ လိုအပ်ပါတော့တယ်။ အတက်အကျတွေပေါ့။ ဒါပေမယ့် တကယ်ကိုကောင်းမွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ကြိုးကြာနီတွေက လက်စတာနဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို မသိမ်းပိုက်နိုင်ဘူးဆိုရင်တောင် အာဆင်နယ်ရဲ့ခါးသီးပြိုင်ဘက် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဧပြီ ၂၇ ရက်၊ အန်ဖီးလ်ကွင်းပွဲစဉ်မှာ ဆုဖလားသေချာပေါက်ရရှိနိုင်မယ့် ရွှေရောင်အခွင့်အလမ်း ရှိနေပါသေးတယ်။