The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက ပြိုင်ပွဲစုံခုနစ်ပွဲကစား၊ ခြောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်၊ ပြိုင်ပွဲစုံနှစ်ပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာကို ပြီးခဲ့တဲ့စနေနေ့မှာ ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အန်ဖီးလ်သားတွေက အခုရာသီအတွက် စတုတ္ထအကြိမ်မြောက် Clean Sheet ကို ရှာဖွေနိုင်ခဲ့ပါတယ်။ အန်းစလော့ကတော့ အခုဘောလုံးရာသီမှာ ၁၄ ပွဲကစားကာ ၁၈ ဂိုးအထိသွင်းယူထားနိုင်တဲ့ အမ်ဘာပေနဲ့ ဗင်နီးစီးယက်စ်တို့ကို ရပ်တန့်ပစ်နိုင်ဖို့အတွက် အာရုံစိုက်ထားမှုကြောင့် အကျိုးအမြတ်တွေ ရရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးနည်းပြက “ ရီးရဲလ်မက်ဒရစ်က လာလီဂါမှာ ၂၆ ဂိုးအထိ သွင်းယူထားပြီး ဗင်နီးစီးယက်စ်နဲ့ အမ်ဘာပေဆိုရင် နှစ်ဦးပေါင်းဂိုးပါဝင်ပတ်သက်မှု ၂၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြတယ်ဆိုတာကို ကစားသမားတွေဆီ ကျွန်တော်ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးကို အပြည့်အဝထိန်းချုပ်ထားနိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ အနည်းအကျဉ်းတော့ လုပ်နိုင်ပါတယ်။ ဒီကစားသမားနှစ်ဦးနဲ့ရင်ဆိုင်ရချိန် ကိုယ်တက်နိုင်သမျှအရာအားလုံးနီးပါးကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးပွဲစဉ်တစ်ခုကို အနိုင်ရရှိဖို့ အခွင့်အလမ်းတစ်ခု လိုချင်တယ်ဆိုရင် Set-piece တွေကို ကာကွယ်နိုင်ရပါမယ်။ ဒါပေမဲ့ တစ်ဦးချင်းခြေစွမ်းကောင်းမွန်သူတွေကိုယ်တိုင်လည်း ဂိုးတွေ ကောင်းကောင်းသွင်းယူနိုင်ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးရဲ့နှစ်ပွဲဆက်အနိုင်ရရှိမှုအကြောင်း မေးမြန်းချိန် အန်းစလော့က “ ပြိုင်ဘက်အသင်းနှစ်ခုလုံးက ကျွန်တော့်တို့အသင်းနဲ့ယှဉ်ပြိုင်ကစားချိန် တူညီတဲ့ကစားပုံမျိုးနဲ့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဓိကကွာခြားသွားတဲ့အချက်ကတော့ ဒီနေ့မှာ ကစားသမားတွေဆီ ကျွန်တော်ပြောခဲ့တဲ့အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ကစားသမားတွေဆီ ဗင်နီးစီးယက်စ်နဲ့ အမ်ဘာပေတို့ဟာ ချိန်သားကိုက်ပြေးလွှားနိုင်သလို မြန်နှုန်းမြင့်ကစားသမားတွေဖြစ်လို့ သူတို့နဲ့ရင်ဆိုင်ကစားရချိန် တိုက်စစ်ဖွင့်မလား၊ ခံစစ်ပိတ်မလားဆိုပြီး မေးမြန်းခဲ့ပါတယ်။

ကိုယ့်ရဲ့နောက်မှာ နေရာလွတ်နည်းနည်းလေးပေးလိုက်လို့တောင် မဖြစ်ပါဘူး။ ဒါကြောင့်ပဲ ဒီညမှာ ကျွန်တော်တို့အသင်းခံစစ်ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ ဒီနှစ်ပွဲလုံးမှာ အရမ်းကျစ်လစ်မာကျောတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တစ်ခု ရှိခဲ့ပြီး ဒါက အနည်းငယ်စွန့်စားကစားဖို့လိုအပ်ချိန် အသင်းဆီ အခက်အခဲတွေ မရောက်ရှိလာအောင် ကာကွယ်ပေးပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဂိုးဖြင့် အန်ဖီးလ်ကွင်းမှာ အနိုင်ယူခဲ့ဖူးတဲ့ လီဗာပူးက အခုအချိန်မှာတော့ အုပ်စုပွဲစဉ်ထက်ဝက်ကစားပြီးချိန် ကိုးမှတ်အထိ စုဆောင်းထားနိုင်ပါတယ်။