The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပြိုင်ဘက်ဆီ စတားကစားသမားတစ်ဦး ဆုံးရှုံးရနိုင်တဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်လာတဲ့ လီဗာပူး

ရာသီသစ်စတင်ချိန် ရလဒ်ပိုင်းဆိုးရွားမှုနဲ့အတူ ရုန်းကန်နေရတဲ့ လီဗာပူးအတွက် အဓိကကစားသမားတစ်ဦးနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ကောလာဟလတွေကြောင့် နောက်ထပ်ဆုတ်ယုတ်မှုတစ်ခု ထွက်ပေါ်လာပါတယ်။ အန်းစလော့ရဲ့အသင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မန်စီးတီးကို သုံးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ၁၁ ပွဲကစားပြီးချိန် အမှတ်ပေးဇယားအဋ္ဌမနေရာအထိ ရောက်ရှိသွားပါတယ်။

နောက်ထပ်ရက်သတ္တပတ်နှစ်ပတ်ကြာအထိ လိဂ်ပွဲစဉ်တွေ မရှိသေးလို့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက နော်တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် အားလပ်ရက်တွေ ရရှိလာပါတယ်။ ဒါပေမဲ့ သူတို့တွေက ဥရောပနဲ့ ပြည်တွင်းပြိုင်ဘက်တွေရဲ့စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးအတွက် စာချုပ်သစ်တစ်ရပ်ကို ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဆိုဘိုဆလိုင်းရဲ့အန်ဖီးလ်အခြေအနေကို ပြိုင်ဘက်ကလပ်အသင်းနှစ်ခုမှ စောင့်ကြည့်နေတယ်ဆိုတဲ့ ကောလာဟလနဲ့အတူ မာဆေးဆိုဒ်ဘီလူးကြီးအတွက် ဟန်ဂေရီသားရဲ့အနာဂတ်က စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ AS သတင်းဌာနမှ ဖော်ပြလာပါတယ်။ ဆိုဘိုဆလိုင်းက ၂၀၂၃ ခုနှစ်၊ နွေရာသီကာလမှာ ပေါင်သန်း ၆၀ တန်သဘောတူညီမှုတစ်ခုဖြင့် လိုက်ပ်ဇစ်မှ လီဗာပူးဆီ ရောက်ရှိလာပြီး ၂၀၂၈ ခုနှစ်မတိုင်ခင်အထိ အသင်းမှာဆက်ရှိနေစေမယ့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက အသက်-၂၅ နှစ်အရွယ်ကစားသမားက လီဗာပူးအတွက် ကွင်းလယ်နေရာစုံအပြင် ညာနောက်ခံလူနေရာမှာပါ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၁၀ ပွဲကစား၊ ၁၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ သတင်းရင်းမြစ်တစ်ခုကတော့ ဆိုဘိုဆလိုင်းရဲ့သီတင်းတစ်ပတ်လုပ်ခလစာ ပေါင် ၁၂၀,၀၀၀ ဆိုတဲ့ ပမာဏဟာ အလွန်နည်းပါးလွန်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဒီဖြစ်နိုင်ခြေကြောင့်ပဲ လီဗာပူးရဲ့ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့က တိတ်တဆိတ်စောင့်ကြည့်နေတာမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။ AS သတင်းဌာနကပဲ ဆိုဘိုဆလိုင်းကို ပြိုင်ဘက်တွေဆီ ဆုံးရှုံးလိုက်ရမယ့် အလားအလာတစ်ခုကြောင့် ကစားသမားအတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ စတင်ဖို့ လီဗာပူးအသင်း တွန်းအားပေးလာတယ်လို့ ဖော်ပြခဲ့ပြန်ပါတယ်။

လစာနှုန်းထားတိုးမြှင့်ခြင်းနဲ့ နှစ်နှစ်ထက်မနည်းစာချုပ်သစ်ပေးခြင်းတို့က ကလပ်အသင်းရဲ့စီမံချက်တွေထဲမှာ ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အခုလိုစပိန်ရပ်ဝန်းမှထွက်ပေါ်လာတဲ့ ကောလာဟလတွေကို လီဗာပူးအသင်း ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။