မိုဆာလက်ရဲ့သွင်းဂိုးတွေ ပြန်မြင်တွေ့ရလိမ့်မယ်လို့ ထောက်ခံအားပေးလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က မိုဆာလက်ရဲ့ဂိုးမိုးခေါင်နေမှုကို သူ့အတွက် နောက်ဆုံးအချိန်မှသာ စိုးရိမ်ပေးဖို့မဖြစ်မနေလိုအပ်မယ့် အကြောင်းအရာတစ်ခုဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်က ကလပ်အသင်းအတွက် ပါဝင်ကစားတဲ့ နောက်ဆုံးခြောက်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့သလို ထက်မြက်လွန်းလှတဲ့ ပုံမှန်ခြေစွမ်းလည်း ပျောက်ဆုံးနေပုံရပါတယ်။
သူက အခုဘောလုံးရာသီမှာ ပယ်နယ်တီသွင်းဂိုးတစ်ဂိုးအပါအဝင် သုံးဂိုးသာသွင်းယူထားနိုင်ပြီး ဖရန့်ဖတ်ကို အနိုင်ယူခဲ့တဲ့ ကြားရက်ချန်ပီယံလိဂ်ပွဲစဉ်အတွက်လည်း လူစားဝင်ကစားသမားအဖြစ် ၁၆ မိနစ်သာ ကစားခဲ့ပါတယ်။ မိုဆာလက်ကိုယ်တိုင်လည်း မတ်လနောက်ပိုင်း ၂၃ ပွဲကစားထားရာမှာ ငါးဂိုးသာသွင်းယူနိုင်တဲ့အထိ ခြေစွမ်းပိုင်းကျဆင်းနေပါတယ်။ ကြားရက်ချန်ပီယံလိဂ်နိုင်ပွဲက ၂၀၁၆ ခုနှစ်နောက်ပိုင်း လီဗာပူးရဲ့အဆိုးရွားဆုံးရှုံးပွဲဆက်နေမှုမှတ်တမ်းကို ရပ်တန့်စေခဲ့ပြီး ဒါဟာ မိုဆာလက်ရဲ့ခြေစွမ်းပိုင်းနဲ့တိုက်ရိုက်သက်ဆိုင်နေသလားဆိုတဲ့ ဆွေးနွေးငြင်းခုံမှု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ ကစားသမားရဲ့စွမ်းဆောင်ရည်ကို သံသယမရှိခဲ့ပါဘူး။
လီဗာပူးနည်းပြက “ ထက်မြက်မှုရှိခြင်း၊ မရှိခြင်းနဲ့ သက်ဆိုင်နေသလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ အတော်လေး ခက်ခဲပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် သေချာမသိသေးတဲ့ အကြောင်းပြချက်အချို့ကိုတော့ စဉ်းစားကြည့်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ဘောလုံးသမားတိုင်းမှာ အခွင့်အရေးကောင်းတွေလွဲချော်နိုင်ပြီး မိုဆာလက်ကိုယ်တိုင်လည်း လူသားတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင် အခွင့်အရေးကောင်းတွေ လွဲချော်နေမှုမျိုးနဲ့ ကျွန်တော်တို့တွေ အသားမကျပါဘူး။ ဆက်တိုက်လွဲနေတာမျိုးဆို ပြောကိုမပြောပါနဲ့တော့။ ဒါပေမဲ့ ဒီလိုအရာမျိုးဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
ဦးဆောင်ဂိုးပေးထားရလို့ ၁-၀ ဂိုးဖြင့်ရှုံးနေချိန်ထက် ၃-၁ ဂိုးဖြင့်နိုင်နေချိန်က အခွင့်အရေးတစ်ခုကို အဆုံးသတ်ဖို့ ပိုမိုလွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုအယူအဆမျိုးက မိုဆာလက်အတွက် မမှန်ကန်ဘူးဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့ကလပ်အသင်းအတွက် ဂိုးတွေကို မိုဆာလက် အမြဲတမ်းသွင်းယူပေးခဲ့တယ်ဆိုတာပါပဲ။ မိုဆာလက်ကိုယ်တိုင် ဂိုးတွေ ပြန်လည်သွင်းယူလာနိုင်မယ့်ကိစ္စဆိုတာ ကျွန်တော့်အတွက်တော့ စိုးရိမ်ပေးဖို့ မဖြစ်မနေလိုအပ်မယ့် နောက်ဆုံးအကြောင်းအရာသာ ဖြစ်ပါတယ်။
သူ့ဘဝတလျှောက်လုံးလည်း ဂိုးတွေပဲ သွင်းယူနေခဲ့တာပါ။ လာမယ့်ရက်သတ္တပတ်တွေ၊ လတွေမှာ ကျွန်တော်တို့အသင်းအတွက် သူ့ရဲ့သွင်းဂိုးတွေ မြင်တွေရမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။ နွေရာသီကာလအတွင်း ကစားသမားသစ်တွေအတွက် ပေါင်သန်း ၄၅၀ ကျော်အထိ သုံးစွဲခဲ့မှုက အချို့ပြဿနာရပ်တွေကို သယ်ဆောင်လာခဲ့ပြီး မိုဆာလက်ကိုယ်တိုင်လည်း နစ်နာသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ အာနိုးလ်ထွက်ခွာသွားမှုနဲ့အတူ ဒဏ်ရာပြဿနာတွေကြောင့် အန်းစလော့က ညာနောက်ခံလူနေရာအတွက် ကွင်းလယ်လူဆိုဘိုဆလိုင်းအပါအဝင် ကစားသမားသုံးဦးအထိ အသုံးပြုခဲ့ရပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “ မိုဆာလက်ကိုယ်တိုင်လည်း ဂိုးတွေသွင်းယူနိုင်မယ့်အနေအထားမျိုးမှာ ရှိနေခဲ့တယ်လို့ ထင်ပါတယ်။ အာနိုးလ်နဲ့ဆို ပိုပြီးတောင်အဆင်ပြေနေမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ကစားသမားတိုင်းအတွက် အသင်းဖော်သစ်တွေ ရောက်ရှိလာပြီဆိုရင် အချိတ်အဆက်မိမိကစားနိုင်ဖို့ ပြန်လည်ပြင်ဆင်ရပါတယ်။
ဒါနဲ့ပတ်သက်လို့ မိုဆာလက်ဆိုပြီး ခြွင်းချက်မပေးထားပါဘူး။ ဒီလိုကိစ္စတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ စိတ်ကူးထဲမှာတော့ ဒီအသင်းလူစာရင်းတစ်ခုတည်းကိုပဲ ပွဲစဉ်တိုင်း ကစားနိုင်ပေမယ့် သုံးရက်တစ်ပွဲနှုန်းကစားရတဲ့အသင်းအတွက်ဆိုရင် ဒီအတွေးမျိုးက မမှန်ကန်တော့ပါဘူး။ ဖရင်းပေါင်က ဒဏ်ရာကြောင့် ကစားလိုက်၊ မကစားလိုက် ဖြစ်ခဲ့သလို ဘရက်ဒလေလည်း ဒဏ်ရာတွေ ရရှိခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင် မက်အယ်လစ္စတာလည်း ရာသီကြိုကာလတစ်ခုလုံးကို လွဲချော်ခဲ့သလို အီဆက်ခ်လည်း အလားတူပါပဲ”လို့ ဆိုပါတယ်။ အန်းစလော့ရဲ့အသင်းက ဒီည၊ အဝေးကွင်းမှာ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ကစားရဖို့ရှိပြီး မိုဆာလက်ရဲ့သွင်းဂိုးတွေ ပြန်မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။