
အနိုင်ဂိုးရှင်ချီယေဆာကို အသင်းမှာဆက်ရှိနေဖို့ လိုလားနေတဲ့ အန်းစလော့
ဒီနေ့မနက်ပိုင်း၊ ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန် အသင်းအတွက် အနိုင်ရရှိစေမယ့်စွမ်းဆောင်ရည်မျိုး ပြသပြီးနောက် တိုက်စစ်မှူးချီယေဆာကို အခုဘောလုံးရာသီ၊ အန်ဖီးလ်မှာ ဆက်ရှိနေစေဖို့ မျှော်လင့်ထားပါတယ်လို့ လီဗာပူးနည်းပြအန်းစလော့က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ၊ ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် ဂျူဗင်တပ်စ်မှ ရောက်ရှိလာတဲ့ အီတလီလက်ရွေးစင်ကစားသမားက ပုံမှန်ပွဲကစားချိန်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပြီး ယမန်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲထွက်ခွင့်တစ်ကြိမ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့် သူက အခုဘောလုံးရာသီသစ်စတင်လာချိန်မှာပဲ သိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုတစ်ခုကို ပြုလုပ်ပြသသွားခဲ့ပါတယ်။ အီရာယိုလာရဲ့အသင်းနဲ့ရင်ဆိုင်ကစားရတဲ့ပွဲစဉ်အတွင်း ချီယေဆာက နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးရကာ အကျပ်အတည်းကြုံတွေ့နေရတဲ့ အန်ဖီးလ်ကလပ်အတွက် အရန်ခုံတန်းမှထလာပြီး အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ မိုဆာလက်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့အတူ လီဗာပူးက ၄-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် အဖိုးတန်နိုင်ပွဲတစ်ခုကို ရယူသွားခဲ့ပါတယ်။
အခုနွေရာသီကာလအတွင်း ချီယေဆာကို အီတလီဆီပြန်ရောက်သွားနိုင်တယ်ဆိုတဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ပေမယ့် ကစားသမားအနာဂတ်ဘယ်လိုရှိလာမလဲဆိုတဲ့ မေးမြန်းမှုကိုတော့ အန်းစလော့က “ သူ ဒီမှာရှိနေသရွေ့ လီဗာပူးမှာ ရှိနေတာပါပဲ။ ကျွန်တော့်အတွက် တစုံတရာအပြောင်းအလဲရှိလာဖို့ ယုံကြည်နေစရာအကြောင်း မရှိပါဘူး။ ချီယေဆာအတွက် ပြီးခဲ့တဲ့ရာသီမှာ ကြံ့ခိုင်မှုပိုင်းပြည့်ဝနေစေရေး အခက်အခဲတွေပြည့်နှက်နေတဲ့ အချိန်ကာလတစ်ခု ရှိခဲ့ပါတယ်။ သူ့အတွက် ကံဆိုးတဲ့အချက်ကတော့ ကျွန်တော်တို့ရဲ့အာရှရာသီကြိုခရီးစဉ်နဲ့လွဲချော်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ ကျွန်တော်တို့အတွက် ချီယေဆာကိုလိုအပ်လာချိန် သူ့ကို ကျွန်တော်တို့ထည့်သွင်းခဲ့ပြီး သူကိုယ်တိုင်လည်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါက ကလပ်အသင်းမှာရှိနေမယ့် ကိုယ့်ရဲ့အနာဂတ်အတွက် အလွန်အပြုသဘောဆောင်စေတဲ့အချက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီလိုပဲ ဒီပွဲစဉ်မှာလည်း ပရိသတ်တွေက သူ့ရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့ပြီး ဒီလိုပရိသတ်တွေအတွက် တစ်ခုခုပြန်လုပ်ပေးရတာ ချီယေဆာအတွက် ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကို သူက ဒီနေ့မှာ အတိအကျပြန်လုပ်ပေးသွားပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အခုပွဲစဉ်သွင်းဂိုးက ချီယေဆာအတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ပြီး လီဗာပူးကစားသမားဘဝ၊ သူသွင်းယူခဲ့တဲ့သုံးဂိုးလုံးက ပွဲချိန် ၈၈ မိနစ်နောက်ပိုင်းမှသာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ လီဗာပူးက လာမယ့်သြဂုတ် ၂၅ ရက်၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်သွားရပါမယ်။