The network connection is lost.

Banner Image

အသင်းမှာဆက်နေပြီး အသင်းကပ္ပတိန်ဖြစ်လာပေးဖို့ ဆိုဘိုဆလိုင်းဆီ တိုက်ရိုက်ပြောကြားခဲ့တဲ့ လီဗာပူးဂန္တဝင်ဂျရတ်

လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်က ကလပ်အသင်းနဲ့ ဒိုမီနစ်ဆိုဘိုဆလိုင်းအကြား စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ဟန်ဂေရီလက်ရွေးစင်ကစားသမားက ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် လီဗာပူးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

မနေ့ညက ဂါလာတာစာရေးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆိုဘိုဆလိုင်းက ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီပွဲစဉ်ကို ကြည့်ရှုနေတဲ့ ဂျရတ်က ဒီကွင်းလယ်လူကို အသင်းမှာ ဆက်ရှိနေစေချင်သလို နောင်တစ်ချိန်မှာ အသင်းခေါင်းဆောင် ဖြစ်လာစေချင်တယ်လို့ ဆိုပါတယ်။

TNT Sports မှာ လီဗာပူးဂန္တဝင်ဂျရတ်က "သူ့ကို အသင်းမှာ အကြာကြီး ရှိနေစေချင်ပါတယ်။ ဆိုဘိုဆလိုင်းကို လီဗာပူးရဲ့အနာဂတ်အသင်းခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ကျွန်တော်ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာလည်း ဆိုဘိုဆလိုင်းဆီ ဂျရတ်က "သွင်းဂိုးအကြောင်းလေး နည်းနည်းလောက် ပြောပြပါလား?  ကြည့်ရတာ ဒါက လေ့ကျင့်ရေးကွင်းမှာ ကြိုတင်ပြင်ဆင်ထားတဲ့ပုံစံမျိုးပဲ။ မက်အယ်လစ္စတာ ဘောလုံးပြန်ပေးလိုက်ချိန် မင်းရဲ့ညာခြေနဲ့ကန်ဖို့ ရည်ရွယ်ထားတာလား? ဆုံးဖြတ်ချက်ကို ဘယ်လောက်မြန်မြန်ပြောင်းလဲပြီး ချိန်ညှိလိုက်ရတာလဲ" လို့ မေးမြန်းခဲ့ပါတယ်။

ဆိုဘိုဆလိုင်းက "အမှန်အတိုင်းပြောရရင် ဟုတ်ပါတယ်။ ကျွန်တော် ဘောလုံးဆီ သွားတဲ့လမ်းကြောင်းကိုပဲ ကြည့်နေတာ၊ လမ်းကြောင်းက တည့်တည့်ပါပဲ။ ဒါပေမဲ့ ခံစစ်ကစားသမားရဲ့နောက်တန်းနဲ့ အရမ်းနီးကပ်နေတဲ့အတွက် ချက်ချင်းတုံ့ပြန်လိုက်ရတာပါ။ ဟုတ်တယ်၊ ကျွန်တော့်မှာ ညာခြေတစ်ဖက်တည်း ရှိတာမဟုတ်ဘူးဆိုတာ ပြလိုက်နိုင်တာပေါ့" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။