The network connection is lost.

Banner Image

အနားယူဖို့အတွက် ခက်ခက်ခဲခဲဆုံးဖြတ်သွားရဖွယ်ရှိကြောင်းဖွင့်ဟလာတဲ့ မီလ်နာ

ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမား ဂျိမ်းစ်မီလ်နာကတော့ အခုရာသီကုန်မှာ သူ့ရဲ့ ကစားသမားဘဝကနေ အနားယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဘရိုက်တန်အသင်း ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မီလ်နာဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲအများဆုံးကစားသမားအဖြစ် ဂါရတ်ဘယ်ရီ တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ၆၅၄ ပွဲမြောက်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

လိဒ်စ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ လီဗာပူးနဲ့ မန်စီးတီး အသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ဒီကြယ်ပွင့်ကစားသမားဟာ အခုဆိုရင် အသက် ၄၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ပြီးနောက်မှာတော့ ရာသီကုန်ရင် အနားယူဖို့ကိုပါ စတင်စဉ်းစားနေပြီ ဖြစ်ပါတယ်။

GOAL နဲ့ အင်တာဗျူးမှာတော့ သူဟာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီကစားသမားဘဝကို ဘယ်အချိန်မှာ အဆုံးသတ်ရမလဲဆိုတာ မသေချာသေးကြောင်း ပြောပြလာပါတယ်။

"ဒါဟာ တကယ်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေတုန်းပါပဲ။ ဘောလုံးလောကမှာ အရာအားလုံးက အရမ်းမြန်မြန်ဆန်ဆန် ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော့်အရွယ်မှာပေါ့။ မနှစ်က ခြေထောက်တောင် မချီနိုင်တဲ့ အခြေအနေကနေ အခု ပရီးမီးယားလိဂ်မှာ ပြန်ကစားနိုင်နေတာ၊ လွန်ခဲ့တဲ့ လအနည်းငယ်က ပွဲထွက်ခွင့် သိပ်မရခဲ့ရာကနေ အခုလို အခြေအနေတွေ ဖြစ်လာတာက တစ်နှစ်အတွင်းမှာကို တော်တော်လေး ပြောင်းလဲသွားတာပါ" လို့ သူက ဆိုပါတယ်။

"ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆက်သွားနိုင်ဖို့ အဆင်ပြေနေသေးတယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။ လူက လုံးဝမလှုပ်ရှားနိုင်တော့တဲ့အထိ ဆက်ကစားရမှာလား၊ ဒါမှမဟုတ် ဘောလုံးအပေါ် စိတ်မပါတော့တဲ့အထိလား၊ ဒါမှမဟုတ် အဲ့ဒီအခြေအနေတွေ မရောက်ခင်မှာပဲ ရပ်နားလိုက်ရမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် ဒါဟာ တကယ်ကို ခက်ခဲတဲ့ကိစ္စဖြစ်ပြီး နေ့ရက်တိုင်းကို ဂရုတစိုက် ဖြတ်သန်းရင်း ရာသီကုန်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိလာမလဲဆိုတာ ကြည့်ရမှာပါ။ လောလောဆယ်မှာတော့ အသင်းက ဆေးအဖွဲ့တွေက ကျွန်တော့်ကို သေချာဂရုစိုက်ပေးနေပြီး ဘယ်လောက်အထိ လေ့ကျင့်ခန်းဆင်းရမယ်ဆိုတာကိုလည်း ကောင်းကောင်း သိထားကြပါတယ်။ ကွင်းထဲမှာလည်း အသင်းအတွက် တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်သေးတယ်၊ ဘရိုက်တန်ကို ကူညီပေးနိုင်သေးတယ်လို့ ခံစားရပါတယ်။ ဒါက ကျွန်တော့်အတွက် အမြဲတမ်း အရေးအကြီးဆုံး အချက်ပါပဲ"

မီလ်နာဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အသင်းနဲ့ သက်တမ်းတစ်နှစ် တိုးထားခဲ့တာပါ။ ဘရိုက်တန်နည်းပြ ဖေဘီယန် ဟာဇယ်လာကလည်း မီလ်နာရဲ့ အတွေ့အကြုံတွေက ကွင်းတွင်းကွင်းပြင် အသင်းအတွက် အများကြီး အထောက်အကူဖြစ်စေတာကြောင့် နောက်ရာသီမှာလည်း သူ့ကို ဆက်ရှိနေစေချင်ကြောင်း ပြောကြားထားပါတယ်။