ဂါလာတာစာရေးကို ၁၀ ဂိုးပြတ်လောက်နဲ့ နိုင်ခဲ့သင့်တယ်လို့ ပြောကြားလိုက်တဲ့ လီဗာပူးကြယ်ပွင့်အီကီတီကီ
ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါလာတာစာရေးကို အနိုင်ရရှိခဲ့မှုက လီဗာပူးနဲ့ အထိုက်တန်ဆုံးရလဒ်ဖြစ်တယ်လို့ တိုက်စစ်မှူးအီကီတီကီက ဆိုပါတယ်။
အခုပွဲစဉ်မှာ လီဗာပူးက ဂါလာတာစာရေးကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အီကီတီကီကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူခဲ့ပါတယ်။
"ကျွန်တော်တို့ အခုလိုအဆင့်ကို တက်လှမ်းနိုင်ဖို့ တကယ်ကို ထိုက်တန်ပါတယ်၊ အခုလို နိုင်ပွဲရလို့လည်း တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒီညမှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြတယ်။ အခွင့်အရေးတချို့သာ အသုံးချနိုင်ခဲ့ရင် ၁၀-၀ ဂိုးလောက်နဲ့တောင် နိုင်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ အခုတော့ ကွာတားဖိုင်နယ်အတွက် ဆက်ပြီး မျှော်လင့်ထားပါတယ်" လို့ သူက ပြောပါတယ်။
"ကျွန်တော်တို့အတွက် ဒီလိုနိုင်ပွဲမျိုး လိုအပ်နေတာပါ။ ပထမပိုင်းပြီးခါနီးမှာ အခွင့်အရေးတချို့ လွဲချော်ခဲ့ပါတယ်။ အားလပ်ချိန်အဖြစ် အဝတ်လဲခန်းဆီရောက်နေတုန်းမှာတောင် ဒီပွဲကို ဆက်ပြီး အာရုံစိုက်ဖို့ လိုတယ်လို့ တွေးနေမိပါတယ်။ အမှန်အတိုင်းပြောရရင် ဒီညမှာ ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးတွေ အများကြီးရခဲ့ပြီး အခုထက်တောင် ဂိုးပိုသွင်းနိုင်ခဲ့သင့်တယ်" လို့ ဆိုပါတယ်။
"ဒါပေမဲ့ ကျွန်တော် အခွင့်အရေးရပြီး ဂိုးသွင်းနိုင်ခဲ့ချိန်မှာတော့ စိတ်ကူးတွေ ပိုပြီး လွတ်လပ်ပေါ့ပါးသွားခဲ့ပါတယ်။ ဂရာဗန်ဘတ်ချ်ကလည်း ချက်ချင်းဆိုသလို ဂိုးထပ်သွင်းပေးလိုက်တော့ အသင်းအတွက် အများကြီးအထောက်အကူဖြစ်သွားပါတယ်။ လူတိုင်းကလည်း တစ်ဦးကိုတစ်ဦး ပေးဆပ်ကစားခဲ့ကြလို့ ဒီညမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာပါ" လို့ အီကီတီကီက ပြောကြားသွားခဲ့ပါတယ်။