The network connection is lost.

Banner Image

အနိုင်ဂိုးအတွက် အာနိုးလ်ကိုသာ ချီးကျူးသင့်တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

လက်စတာစီးတီးကို အနိုင်ရရှိတဲ့ပွဲစဉ်အတွက် အသင်းနည်းပြဖြစ်သူကို အသိအမှတ်ပြုဖို့ မလိုအပ်ဘဲ အနိုင်ဂိုးရှင်အာနိုးလ်ကိုသာ ချီးကျူးဂုဏ်ပြုကြဖို့ အန်းစလော့က တိုက်တွန်းခဲ့ပါတယ်။ ကြိုးကြာနီတွေက တနင်္ဂနွေညနက်ပိုင်းပွဲစဉ်မှာ အရန်လူအဖြစ်လူစားဝင်ကစားတဲ့ အာနိုးလ်ရဲ့အဆုံးအဖြတ်သွင်းဂိုးနဲ့အတူ လက်စတာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေက အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၃ မှတ်အသာရကာ ဆက်လက်ရပ်တည်နေပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်းစလော့ရဲ့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာအထိ ရောက်ရှိသွားပြီး သင်္ချာနည်းအရ သေချာပေါက်ချန်ပီယံဖြစ်လာဖို့ လက်ကျန်ငါးပွဲအတွင်း သုံးမှတ်သာရှာဖွေသွားရပါလိမ့်မယ်။

ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တပတ်ခြောက်ပတ်နီးပါး အနားယူခဲ့ရတဲ့ အာနိုးလ်က ကွင်းတွင်းပြန်ရောက်လာချိန်မှာပဲ ချက်ခြင်းဆိုသလို အကျိုးသက်ရောက်မှုတစ်ခု ပြသခဲ့ပါတယ်။ ကလပ်အသင်းအပေါ် သူ့ရဲ့အခုလိုပံ့ပိုးပေးမှုကြောင့် ချီးကျူးသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိလာသလို ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတွေကြောင့် ကစားသမားရဲ့အနာဂတ်နဲပတ်သက်လို့ မေးခွန်းတွေ ဆက်လက်တည်ရှိနေပါတယ်။

အခုလိုအခြေအနေမှာပဲ အချိန်ကိုက်လူစားလဲလှယ်မှုတွေကြောင့် ချီးကျူးဂုဏ်ပြုမှုအချို့ရရှိနေတဲ့ အန်းစလော့က အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့တိုက်စစ်စွမ်းရည်ကောင်းကိုသာ အထူးဂုဏ်ပြုသင့်ပါတယ်လို့ ရိုးသားနှိမ့်ချစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ ကျွန်တော့်အတွက် ဂုဏ်ပြုပေးစရာ မလိုပါဘူး။ ဒါပေမယ့် အာနိုးလ်အတွက်တော့သေချာပေါက်ဂုဏ်ပြုပေးရပါမယ်။ 

ဘာကြောင့်လဲဆိုတော့ အာနိုးလ်က တက်နိုင်သလောက်အမြန်ဆုံး အသင်းဆီ သူ့ကို ပြန်ပို့ပေးဖို့ ကြိုးစားခဲ့တဲ့ ဆေးအဖွဲ့ဝန်ထမ်းတွေနဲ့အတူ ရက်သတ္တပတ်ငါးပတ်ခွဲလောက် အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ သူ့ကို ပွဲချိန် ၁၅ မိနစ်လောက် အသုံးပြုနိုင်ခဲ့တာပါ။ ကျွန်တော့်အထင် အချိန်ပိုမိနစ်တွေပါ ထည့်ပေါင်းလိုက်ရင် သူ့ကို ၂၇ မိနစ်လောက်အထိ အသုံးပြုနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ အာနိုးလ်တို့အကြား အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာပဲ အန်းစလော့က သူ့ရဲ့သတင်းစာရှင်းလင်းပွဲဆီ ကစားသမားရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းတွေ မရောက်ရှိလာအောင် တားဆီးခဲ့ပါတယ်။ အဲ့ဒီအစား လီဗာပူးနည်းပြက ကစားသမားရဲ့အလုပ်အပေါ်ထားရှိတဲ့ စံနှုန်းတွေကို မေးခွန်းမထုတ်ဘဲ ခေါင်းကြီးပိုင်းသတင်းတွေမှာ အောင်ပွဲခံမှုနဲ့ပတ်သက်တဲ့အကြောင်းတွေကိုသာ ဖော်ပြသွားသင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

အန်းစလော့က “ ဒီနေ့အတွက် ခေါင်းကြီးပိုင်းသတင်းတွေက အာနိုးလ်ရဲ့စာချုပ်ကိစ္စမဟုတ်ဘဲ သူသွင်းယူခဲ့တဲ့ ဂိုးအကြောင်းသာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တဲ့အရာကတော့ အာနိုးလ်ရဲ့အသင်းအပေါ်ထားရှိတဲ့ သစ္စာတရားကို အငြင်းပွားလာမယ်ဆိုရင် ရယ်စရာဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။ ဒီနေ့လို ပြန်လာပြီး အရေးပါတဲ့ဂိုးကို သွင်းယူပေးခဲ့မှုတွေက ဒီနှစ်ပိုင်းတွေအတွင်း ကလပ်အသင်းအတွက် သူလုပ်ပေးခဲ့တဲ့အရာတွေနဲ့ သစ္စာရှိမှုအတွက် ဘယ်သူမှ အငြင်းပွားနိုင်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ခေါင်းကြီးပိုင်းသတင်းတွေက အာနိုးလ်ရဲ့စာချုပ်ကိစ္စမဟုတ်ဘဲ သွင်းဂိုးအကြောင်းသာ ဖြစ်သင့်ပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းအတွက် အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုသိမ်းပိုက်နိုင်ရေးလမ်းကြောင်းက ပိုပြီး ထင်ထင်ရှားရှားဖြစ်လာခဲ့ပါပြီ။ မာဆေးဆိုဒ်ကလပ်အသင်းက အခုဘောလုံးရာသီတလျှောက်လုံး အထင်ကြီးလောက်စရာ အကျိုးသက်ရောက်မှုတစ်ခုကို တည်ဆောက်ပြခဲ့ပြီး အခုသီတင်းပတ်အတွင်းမှာပဲ သူတို့ရဲ့ဒုတိယမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်ဖွယ်ရှိပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရချိန် အာဆင်နယ်တို့ အမှတ်လျော့ကျမယ်ဆိုရင် လီဗာပူးက နောက်ထပ်ပွဲစဉ် မကစားရသေးခင်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပါလိမ့်မယ်။ အကယ်၍ အဲ့ဒီလိုမဖြစ်လာဘူးဆိုရင်လည်း ကြိုးကြာနီတွေက အန်ဖီးလ်မှာ တော့တင်ဟမ်ကိုဧည့်ခံကစားချိန် အိမ်ကွင်းပရိသတ်ရှေ့မှောက် ဆုဖလားဆွတ်ခူးနိုင်မယ့်အခွင့်အလမ်းကို ကြိုးစားသွားနိုင်မယ့်အလားအလာတွေ ပိုင်ဆိုင်ထားပါတယ်။