နိုင်ဂျီးရီးယားကြယ်ပွင့်ရဲ့အရည်အသွေးကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ မာဆေးလ်နည်းပြဘီယေး
မာဆေးလ်နည်းပြဟာဘစ်ဘီယေးက Zulte Waregem အသင်းမှ မကြာသေးခင်ကာလအတွင်း ပြောင်းရွှေ့လာခဲ့တဲ့ နာဒီကို "စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားတစ်ဦး" လို့ တင်စားပြောဆိုလိုက်ပါတယ်။
နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပေမဲ့ နည်းပြဖြစ်သူရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ကို ရရှိထားပါတယ်။ ဘီယေးက ဒီကွင်းလယ်လူကို ပြင်သစ်လီဂူးဝမ်းကလပ်မှာ အသားကျလာတာနဲ့အမျှ အသင်းအတွက် အကျိုးပြုနိုင်မယ့်သူအဖြစ် မျှော်လင့်ထားပါတယ်။
"သူက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ သူက ခွန်အားအပြည့်ကစားနိုင်သလို မြန်ဆန်လွန်းတဲ့ပြေးနှုန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်" လို့ Coeur Marseillais သတင်းဌာနမှတစ်ဆင့် ဘီယေးက ပြောကြားခဲ့ပါတယ်။
"နာဒီက ကွင်းအနှံ့လှုပ်ရှားကစားနိုင်ပြီး အသင်းအတွက် အများကြီးအထောက်အကူပြုနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ နာဒီက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ သူ့ရဲ့ကစားဟန်က ပြင်းထန်ပေမဲ့ ဘောလုံးထိန်းချုပ်မှုမှာတော့ အထူးကောင်းမွန်ပြီး ကျွန်တော်တို့ကွင်းလယ်မှာလိုအပ်နေတဲ့တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။
"အသင်းဆီ ကျွန်တော်စရောက်လာချိန် သူ့နဲ့ စကားပြောခဲ့ပါတယ်။ ဘရက်စ်နဲ့ပွဲစဉ်အတွက် ဆုံးဖြတ်ချက်ချဖို့ ၂၄ နာရီပဲ အချိန်ရတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ တခြားကစားသမားတွေလိုပဲ ဒီသီတင်းပတ်လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ပုံစံက အလွန်အရည်အသွေးပြည့်ဝပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။