
စီးရီးအေချန်ပီယံဆုကာကွယ်ရေးခရီးလမ်းမှာ ထိုးနှက်ချက်ကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ နာပိုလီ
နာပိုလီအသင်းက တိုက်စစ်မှူးလူကာကူ ကာလအတန်ကြာ အနားယူရလိမ့်မယ်လို့ ကြေညာခဲ့ပြီးနောက် ဘောလုံးရာသီအစမှာပဲ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဘယ်လ်ဂျီယံသားက ပြီးခဲ့တဲ့ကြာသပတေးနေ့၊ အိုလံပီယာကို့စ်နဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအတွင်း သူ့ရဲ့ပေါင်ကိုဆုပ်ကိုင်ကာ ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
ဒီနောက်မှာတော့ နေပယ်လ်မြို့အခြေစိုက်ကလပ်အသင်းက လူကာကူခံစားနေရတဲ့ဒဏ်ရာဟာ ပြင်းထန်တယ်လို့ ကြေညာခဲ့ပါတယ်။ နာပိုလီအသင်းရဲ့ကြေညာချက်တစ်ခုမှာ “အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိပြီးနောက်ပိုင်း လူကာကူကို Pineta Grande ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီစစ်ဆေးမှုအရ ဘယ်ပေါင်မှာ ပြင်းထန်ဒဏ်ရာတစ်ခုရရှိခဲ့တယ်လို့ သိရပါတယ်။
ကစားသမားကိုယ်တိုင်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီး ခွဲစိတ်ကုသမှုဆိုင်ရာတိုင်ပင်ဆွေးနွေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်”လို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ဖာဘရီဇီယိုရိုမာနိုကလည်း အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင် နောက်ထပ်တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ နာပိုလီအသင်း ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
လူကာကူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နာပိုလီအတွက် ၃၈ ပွဲကစား၊ ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ သူက ကလပ်အသင်းကို စီးရီးအေချန်ပီယံဆုဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သလို အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ Corriere dello Sport ရဲ့အဆိုအရ နာပိုလီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဇစ်ဇီး ပေါ်ထွက်လာသလို ခရစ္စတယ်ပဲလေ့စ်ရဲ့မာတီတာ၊ ရိုးမားရဲ့ဒေါ့ဗ်ဗက်ခ်၊ လက်ချီရဲ့ကာစထရိုဗစ်တို့လည်း စောင့်ကြည့်စာရင်းမှာ ရှိနေတယ်လို့ သိရပါတယ်။