ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီးနောက် အီတလီအသင်းရဲ့အခြေအနေနဲ့ ပတ်သက်လို့ ရိုးရိုးသားသား ဝန်ခံပြောကြားလာတဲ့ တိုနာလီ
ယူအီးအက်ဖ်အေနေရှင်းလိဂ်ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံကို ၂-၀ ဂိုးဖြင့် စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့မှုအပြီး လက်ရှိမှာ အီတလီအသင်းအတွက် စစ်မှန်တဲ့ စူပါစတားတစ်ဦး မပိုင်ဆိုင်ထားနိုင်သေးဘူးလို့ တိုနာလီက ပွင့်ပွင့်လင်းလင်းဝန်ခံပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တော့တင်ဟမ်ကွင်းလယ်လူက အီတလီလက်ရွေးစင်အသင်းဆီ နည်းပြမန်စီနီရဲ့သွေးသစ်လောင်းနေမှုကို အချိန်ကာလတစ်ခုပေးကာ စောင့်ကြည့်ပေးသွားကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
သောကြာနေ့၊ ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြသနိုင်လို့ အိုလံပီကိုကွင်းအတွင်းရှိ စိတ်ပျက်နေကြတဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်သံတွေနဲ့ အီတလီအသင်း ရင်ဆိုင်လိုက်ရပါတယ်။
တူရကီနဲ့ရင်ဆိုင်ရမယ့် တနင်္လာနေ့နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် တိုနာလီက လက်ရွေးစင်အသင်းနဲ့ပတ်သက်လို့ စိတ်ပျက်ဝမ်းနည်းနေရတယ်ဆိုတာကို အသိအမှတ်ပြုပေမဲ့ အသစ်ပြန်လည်တည်ဆောက်နေတဲ့ ဒီလူစာရင်းပိုင်းနဲ့ပတ်သက်လို့ တိုးတက်လာဖို့နဲ့ နေရာတစ်ခု အခိုင်အမာရရှိလာစေဖို့အတွက် အချိန်ပေးသွားကြရန် အလေးပေးပြောဆိုခဲ့ပါတယ်။
"လူတော်တော်များများ စိတ်ပျက်သွားကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပရိသတ်တွေရဲ့လှောင်ပြောင်မှုမှစလို့ အဝတ်လဲခန်းထဲမှာ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာတွေအထိ ဒီရှုံးနိမ့်မှုက ဘာတွေ သယ်ဆောင်လာသလဲဆိုတာကို ကျွန်တော်တို့ ရိုးရိုးသားသား ဖွင့်ဟပြောဆိုရပါမယ်" လို့ တိုနာလီက Sky Sport Italia ကို ပြောပါတယ်။
"ဒါပေမဲ့ ဒါကို လက်ခံရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပွဲက ကောင်းမွန်တဲ့ အနေအထားမျိုး မဖြစ်လာခဲ့သလို ကျွန်တော်တို့အတွက် ရှုံးနိမ့်မှုနဲ့လည်း ထိုက်တန်ခဲ့လို့ပါပဲ" လို့ သူက ဆက်လက်ပြောကြားခဲ့ပြီး အသင်းအတွင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ အရေးကြီးတယ်လို့ အလေးထား ထောက်ပြသွားပါတယ်။