The network connection is lost.

Banner Image

လာမယ့်နွေရာသီမှာ လီဝန်ဒေါစကီးကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဆက်လက်အင်အားဖြည့်တင်းဖို့ အာရုံစိုက်နေဆဲဖြစ်ပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာရဲ့ဝါရင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းအထိ အကုန်ကျခံပြီးခေါ်ယူခဲ့ပေမယ့် ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လီဗာပူးကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဆက်စ်ကိုဟာ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုအလုံအလောက်မရှိတာကြောင့် အရန်ကသစားသမားအဖြစ်သာပါဝင်ခဲ့ပါတယ်။ နည်းပြရူဘင်အာမိုရင်အနေနဲ့လည်း အသက်-၂၂ နှစ်အရွယ်ကစားသမားရဲ့ နုနယ်တဲ့ပရီးမီးယားလိဂ်အတွေ့အကြုံကြောင့် အခုလိုအရေးကြီးပွဲစဉ်မှာ အရန်ခုံထိုင်ခိုင်းဖို့သာ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ 

ယခုအခါမှာတော့ ဒေးလီးစတားသတင်းဌာနရဲ့ဖော်ပြအချက်အရ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွေ့အကြုံရင့် ကစားသမားတစ်ဦးကိုထပ်မံခေါ်ယူဖို့ အာရုံစိုက်နေပြီး လီဝန်ဒေါစကီးကို ဖြစ်နိုင်ချေရှိတဲ့ခေါ်ယူမှုအဖြစ် ရှုမြင်ထားတယ်လို့သိရပါတယ်။ လာမယ့်နွေရာသီမှာ လီဝန်ဒေါစကီးဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ပိုလန်သားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

လီဝန်ဒေါစကီးဟာ ဘာစီလိုနာရဲ့တိုက်စစ်မှာခြေစွမ်းပြသနေပြီး သွင်းဂိုးတွေလည်းရယူထားနိုင်ပေမယ့် နည်းပြဟန်ဆီဖလစ်ကတော့ လူငယ်ကစားသမားတွေသား အသုံးပြုဖို့ ပိုမိုစိတ်အားထက်သန်တာကြောင့် ယခုနှစ်ရာသီအကုန်မှာ ဝါရင့်တိုက်စစ်မှူကို စာချုပ်သက်တမ်းတိုးမြှင့်ဖွယ်မရှိဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ လီဝန်ဒေါစကီးကလည်း ယခင်က ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ခြင်းမရှိဘဲ အိုးလ်ထရက်ဖို့ဒ်မှာကစားလိုကြောင်း ဝန်ခံထားတာကြောင့် သဘောတူညီမှုရရှိဖို့ ခက်ခက်ခဲခဲညှိနှိုင်းရဖွယ်မရှိပါဘူး။ ယခုနှစ်အစောပိုင်းက ဘီဘီစီနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပိုလန်လက်ရွေးစင်က ၂၀၁၂ ခုနှစ်မှာ ဒေါ့မွန်အတွက်ကစားပေးနေစဉ် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါစကီးက "မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ကျွန်တော်လက်ခံခဲ့ဖူးပါတယ်။ ကျွန်တော် အဲလက်စ်ဖာဂူဆန်နဲ့တွေ့ချင်လို့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ခေါင်းညိတ်ခဲ့တာပါ" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က ယူနိုက်တက်အနေနဲ့ လီဝန်ဒေါစကီးကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ဒေါ့မွန်ကတော့ ကမ်းလှမ်းမှု ကိုငြင်းပယ်ပြီး ကစားသမားကို ဘိုင်ယန်မြူးနစ်သို့သာရောင်းချခဲ့တာဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာတော့ ယူနိုက်တက်အနေနဲ့ ကာလရှည်စိတ်ဝင်စားနေခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲသို့ ခေါ်ယူသွားနိုင်မလား ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။