ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်လို့ အန်းဒရစ်ခ်ရဲ့အေးဂျင့် တုံ့ပြန်လာ
ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့်အန်းဒရစ်ခ် အသင်းမှထွက်ခွာဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ကစားသမားရဲ့ကိုယ်စားလှယ်တွေက ပြန်လည်တုံ့ပြန်လာပါတယ်။
ယာမယ်လ်နဲ့ယှဉ်ပြိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်ခေါ်ယူခဲ့တဲ့ အန်းဒရစ်ခ်ရဲ့ စပိန်မြို့တော်အချိန်ကာလတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။
အသက် ၂၀ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ ဒုတိယရာသီဝက်ကာလကို လိုင်ယွန်မှာ အငှားသွားရောက်ကစားခဲ့ပြီး ပြင်သစ်မြေမှာ ၂၁ ပွဲကစား၊ ရှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုရှစ်ကြိမ်ပြုလုပ်ရင်း အထင်ကြီးစရာခြေစွမ်းမျိုး ပြသခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဆီပြန်ရောက်လာချိန်မှာတော့ အယ်လ်ချီကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့နောက်ဆုံးလေးမိနစ်တာကာလကိုသာ လူစားဝင်အဖြစ် အန်းဒရစ်ခ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ရိုးမား၊ အေစီမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှု ရှိနေကြတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အန်းဒရစ်ခ်လည်း အသင်းမှထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အန်းဒရစ်ခ်ရဲ့ကိုယ်စားလှယ်အေဂျင်စီဖြစ်တဲ့ Roc Nation Sports International ရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးဌာနအကြီးအကဲအလန်ရက်ဒ်မွန်က အီတလီမီဒီယာ Adnkronos နဲ့တွေ့ဆုံချိန် ဒီကောလာဟလတွေကို ပယ်ချခဲ့ပါတယ်။
"အန်ဒရစ်ခ်ရဲ့ကိစ္စမှာတော့ သူက ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေချင်တယ်လို့ အမြဲပြောခဲ့သလို ဒီရာသီမှာ သူအခွင့်အရေးရလာချိန်လည်း ဂိုးတွေ အများကြီးသွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ရက်ဒ်မွန်က ပြောပါတယ်။
"နွေရာသီမှာ သူ့အပေါ် စိတ်ဝင်စားမှုတွေ အများကြီးရှိခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရည်မှန်းချက်က စပိန်မှထွက်ခွာဖို့ မဟုတ်ပါဘူး"
"ငွေကြေးဆိုင်ရာအချက်အလက်က အရေးမကြီးပါဘူး။ ကစားသမားက ကလပ်ရဲ့စီမံကိန်းကိုပဲ အကဲဖြတ်တာပါ။ ကျွန်တော်တို့ အခုပြောနေတာက ရီးရဲလ်မက်ဒရစ်မှာ ရှိနေနိုင်တဲ့ အရည်အသွေးတွေ ပြည့်မီတဲ့ ကစားသမားတစ်ဦးအကြောင်း ဖြစ်ပြီး သူ့အတွက် အခွင့်အရေးတွေသာ လိုအပ်နေတာပါ"
"အန်းဒရစ်ခ်က လိုင်ယွန်မှာ အငှားကစားခဲ့ပြီး ပြင်သစ်မှာ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ အဲဒီနောက် သူ့မှာ ပြဿနာတချို့ ရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံး အခြေအနေမှာ မရှိတာက သူ့အတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်ခဲ့မယ်လို့ ထင်ပါတယ်"
"ဒါပေမဲ့ မက်ဒရစ်မှာဆက်နေဖို့ဆိုတာ သူ့အတွက် အမြဲတမ်းအစီအစဉ် ဖြစ်ခဲ့ပါတယ်။ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရဖို့ရှိပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူက ရီးရဲလ်မက်ဒရစ်မှာပဲ အချိန်အကြာကြီး ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ကျွန်တော့်ရဲ့အမြင်ပါပဲ။ သူ အသင်းပြောင်းလိမ့်မယ်လို့ ကျွန်တော် မယူဆပါဘူး" လို့ ဆိုပါတယ်။