The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပွဲဦးထွက်အနိုင်ရရှိမှုအပြီး ကိုမိုအသင်းဆီ တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်တဲ့ ဖာဘရီဂတ်စ်

ကိုမိုနည်းပြဖာဘရီဂတ်စ်ကတော့ လိုက်ပ်ဇစ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ကလပ်အသင်းသမိုင်းတလျှောက်ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကို မေ့ဖျောက်ပြီး ရှေ့ဆက်ဖို့အတွက် ပြင်ဆင်နေပါပြီ။ 
 
စီးရီးအေကလပ်ကိုမိုက သူတို့အသင်းအတွက် သမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို လွယ်လွယ်ကူကူ ကျော်ဖြတ်အနိုင်ယူခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ဘောလုံးမှာ အသင်းဆီလာရောက်ပူးပေါင်းခဲ့ကြတဲ့ ဘာတူရီနာ၊ ဒိုမီကတ်စ်၊ ဒီယာအိုနဲ့ လူစားဝင်ကစားသမားပီရွန်တိုတို့က ကိုမိုအတွက် အဖိုးတန်အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ဖာဘရီဂတ်စ်ကတော့ အခုရလဒ်အပေါ် မသာယာနေဘဲ လာမယ့်တနင်္လာနေ့၊ ပါးမားနဲ့ရင်ဆိုင်ရမယ့် ပြည်တွင်းလိဂ်ပွဲစဉ်ဆီ အပြည့်အ၀အာရုံစိုက်ကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းလိုက်ပါတယ်။
 
ပွဲစဉ်အပြီး Sky Sport Italia နဲ့တွေ့ဆုံချိန် ဖာဘရီဂတ်စ်က "ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက ငါးမိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ ဘာကြောင့်လို့လဲဆိုတော့ လာမယ့်တနင်္လာနေ့၊ ပါးမားနဲ့ပွဲစဉ်အတွက် ပြင်ဆင်သွားရဖို့ရှိနေပြီး ဒီညလိုစွမ်းအင်မျိုးကို လိုအပ်နေလို့ပါပဲ" လို့ ပြောပါတယ်။
 
"ဒါက ဒီမြို့နဲ့ ကလပ်အသင်းအတွက် သမိုင်းဝင်ညတစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ကြိုးစားအားထုတ်ခဲ့မှုတွေအတွက် ရရှိလာတဲ့ ဆုလာဘ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စီးရီးအေပြိုင်ပွဲဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးပစ်မှတ်အဖြစ် ရှိနေဆဲပါပဲ။ နောက်ဆုံးတော့ စီးရီးအေကပဲ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်"
 
"ကျွန်တော်တို့က လူငယ်အခြေပြုအသင်းတစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်ရဲ့ခွန်အားတွေ ရရှိထားပေမဲ့ စီးရီးအေမှာ အစွမ်းကုန်မကြိုးစားကြဘူးဆိုရင်တော့ ကျွန်တော် တကယ်ပဲ စိတ်ဆိုးမိပါလိမ့်မယ်"
 
"ကျွန်တော်တို့တွေ စိတ်ကြီးမဝင်ဘဲ သုံးရက်တစ်ပွဲနှုန်း ကစားနိုင်ရပါမယ်။ တကယ့်ကို ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်လာလို့ မှန်ကန်တဲ့စိတ်ဓါတ်ပိုင်းကို ထိန်းသိမ်းထားရပါမယ်" လို့ ဆိုပါတယ်။