
အရေးကြီးတဲ့ပွဲစဉ်တွေမှာ ရီးရဲလ်မက်ဒရစ်က စိတ်ဓာတ်ပိုင်း တိုးတက်ပြောင်းလဲနိုင်တယ်လို့ ဆိုလာတဲ့ ဘယ်လင်ဟမ်
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အက်သလက်တီကိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် ပွဲအပြီးမှာ အသင်းဟာ အရေးကြီးတဲ့ပွဲစဉ်တွေမှာ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲမြှင့်တင်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အကောင်းဆုံးပုံစံရှိမနေခဲ့ဘဲ အက်သလက်တီကိုကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂-၂ နဲ့အချိန်ပိုနဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သို့သော်လည်း လက်ရှိချန်ပီယံတွေဟာ ပင်နယ်တီအဆုံးအဖြတ်မှာ အက်သလက်တီကိုကို အသာရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ သူကန်ရတဲ့ပင်နယ်တီကို ဝင်အောင်ကန်သွင်းပြီး တာဝန်ကျေခဲ့တဲ့ ဘယ်လင်ဟမ်က “ပွဲကြီးပွဲကောင်းတွေမှာဆိုရင် ကျွန်တော်တို့က စိတ်ဓာတ်ပိုင်းကိုပြင်ဆင်ပြီး ကွင်းထဲကို ဝင်ကြပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာ ဒီပွဲကို သေချာပေါက်အနိုင်ရမယ်လို့ မှတ်ယူပြီး ယှဉ်ပြိုင်ကြတာပါ။ ဒီလိုစိတ်ဓာတ်မျိုးထားတဲ့နေရာမှာ ကျွန်တော်တို့က တော်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ပွဲရဲ့အခြေအနေကိုလည်း ကောင်းကောင်းနားလည်ပါတယ်။ ဒီညက ဥပမာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ပလေးအော့ဖ်အဆင့်မှာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးကို ၂ ကျော့ပေါင်းရလဒ် ၆-၃ နဲ့ဖြုတ်ချခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာတော့ နောက်ထပ်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ အက်သလက်တီကိုဟာ ကော်နာဂယ်လာဟာရဲ့ဂိုးနဲ့ ပွဲအစမှာပဲ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ထပ်သွင်းဂိုး ထပ်မံသွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် ၁-၀ နဲ့သာအနိုင်ရခဲ့ပြီး အချိန်ပိုနဲ့ ပင်နယ်တီတွေအထိ ကစားခဲ့ရပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် နောက်ဆုံးသွင်းဂိုးကို ရူဒီဂါက ကန်သွင်းယူခဲ့ပြီး ၂-၄ ဆိုတဲ့ရလဒ်နဲ့ အသင်းကို နောက်တစ်ဆင့် ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး ဘယ်လင်ဟမ်က “အရမ်းကိုပျော်ပါတယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ပွဲစဉ်တစ်ပွဲပါ။ ဒီအဆင့်ကိုဖြတ်ကျော်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ပရိသတ်တွေအတွက်လည်း အများကြီးအဓိပ္ပာယ်ရှိမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ခံပြိုင်ဘက်ကို အနိုင်ရခဲ့လို့ပါ” လို့ပြောကြားခဲ့ပါတယ်။